သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ်

•February 10, 2010 • Leave a Comment

မြန်မာတနိုင်ငံလုံးတွင် အကြီးဆုံးဖြစ်သော ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမပေါ်ရှိ သီရိမင်္ဂလာ ကုန်စိမ်းဈေးကြီးကို ပြောင်းရွှေ့ရမည့် သတင်းထွက်ပေါ်နေမှုကြောင့် ကုန်စိမ်းရောင်းသူများ စိုးရိမ်သောက ဖြစ်နေကြသည်။

ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၏ အရာရှိကြီးတဦးက “အခု မဟုတ်သေးဘူး။ နောင်တော့ ဟုတ်ချင်လည်း ဟုတ်မယ်။ အခု မဟုတ်တာ သေချာပါတယ်။ ဒီသတင်းကို ကျနော်တို့လည်း ကြားပါတယ်။ မြို့တော်ဝန်လည်း ကြားတယ်။ သူ့ကိုလည်း ညွှန်ကြားချက်မလာသေးဘူး။ ဒါက ကျနော်သိသလောက်ပါ” ဟု ပြောသည်။

မည့်သည့်အချိန်၊ မည်သည့်နေရာဟု အတိအကျ မသိရသော်လည်း ကုန်စိမ်းရောင်းသူတဦးက “စည်ပင်က ၀န်ထမ်းတယောက်က ပြောတယ်။ ဒညင်ကုန်းဈေးဘက်ကို ပြောင်းရွှေ့မယ်တဲ့။ အဲဒီဒညင်းကုန်းဈေးကို အဆင့်မြှင့်မှာမို့ ပြောင်းရင် ဆိုင်ခန်းတခန်းကို (၁၂) သိန်းလောက် ကုန်မယ်တဲ့။ သူတို့စကားတွေက မသေချာဘူးလေ။ သူတို့ဥပဒေတွေကလည်း ဒီနေ့တမျိုး၊ နောက်နေ့တမျိုး ယုံလို့မရဘူး” ဟု ပြောသည်။

သီရိမင်္ဂလာဈေးကို ရွှေပြည်သာမြို့နယ်ရှိ ၀ါးတစ်ရာကျေးရွာသို့ တနှစ်အတွင်း ပြောင်းရွှေ့မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည့်အတွက် ပြောင်းရွှေ့မည့်သတင်းမှာ ဟုတ်နိုင်ကြောင်း ဈေးသည်များက ပြောသည်။

ကုန်စိမ်းဈေးသည်တဦးက “တခုခုကိုတော့ ပြောင်းမယ့်အနေအထားရှိတယ်။ ကျနော်တို့ ဒီမှာ ကုန်းစိမ်းရောင်းလာတာ (၇) နှစ် ရှိပြီ။ အခုလို ရုတ်ရုတ်သဲသဲဖြစ်တာ တခါမှ မတွေ့ဖူးဘူး။ အေးရှားဝေါလ်က ဆိပ်ကမ်းတွေ တိုးချဲ့မှာမို့လို့ အဲဒီဈေးကို ရွှေ့မှာလို့လည်း ပြောနေသံတွေ ကြားရတယ်” ဟု ပြောသည်။

သီရိမင်္ဂလာကုန်စိမ်းဈေးကြီးကို ပြောင်းရွှေ့ပါက လတ်တလော အထိုင်ကျနေသော ဈေးသည်များအတွက် စရိတ်စက ပိုမိုကုန်ကျမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး နှောင့်နှေးသွားနိုင်ကြောင်း၊ ယခုလက်ရှိတွင်လည်း အရောင်းအ၀ယ် မကောင်းကြ သည့်အတွက် ဈေးသည်များ ထိခိုက်နစ်နာနိုင်ကြောင်း အငြိမ်းစားစည်ပင်အရာရှိတဦးက ပြောသည်။

၎င်းက “အဲဒီဈေးကို ရန်ကုန်တတိုင်းလုံးက ကုန်စိမ်းအရောင်းအ၀ယ် ပြုကြတဲ့သူတွေ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်က အဓိက အရောင်းအ၀ယ် ပြုကြတယ်။ ပြောရရင်တော့ မြန်မာတနိုင်ငံလုံးက လာရောက် ကုန်စည်ရောင်းဝယ်ဖောက်ကားမှုတွေကို လုပ်ကြတာပါပဲ။ ဒီသတင်းသာ မှန်တယ်ဆိုရင်တော့ နည်းနည်းရှုပ်ကုန်မယ်” ဟု ဝေဖန်ပြောကြားသည်။

အထပ်ပေါင်း (၅) ထပ်မြင့်သော သီရိမင်္ဂလာဈေးကို လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ မြေညီထပ်နှင့် ပထမထပ် တွင် ဆိုင်ခန်းပေါင်း (၂,၅၀၀) ခန့်ရှိပြီး အခြားအထပ်များကို တည်းခိုခန်းများ၊ ဟက်ပီးဝေါလ် အပန်းဖြေစခန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းများကို ငှားရမ်းထားကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ

•February 10, 2010 • Leave a Comment

လှိုင်သာယာစက်မှုဇုန်အတွင်း အလုပ်သမားများ လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးတို့အတွက် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဆန္ဒပြတောင်းဆိုလိုက်သည်။

ယနေ့ လှိုင်သာယာ စက်မှုဇုန် (၃) ရှိ Taiyi ဖိနပ်ချုပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံတို့မှ လုပ်သား (၂,၀၀၀) ကျော် လုပ်ခတိုးမြှင့်ရရှိရေး ဒုတိယနေ့အဖြစ် ဆန္ဒပြခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ အလုပ်သမားနှင့် အလုပ်ရှင်အကြား ယနေ့ လာရောက်ညှိနှိုင်းပေးခဲ့ကြောင်း ရိုက်တာသတင်းဌာန အဆိုအရ သိရသည်။

ယမန်နေ့မှစပြီး အဆိုပါစက်ရုံ (၂) ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။

“စစ်ကားအစီး (၃၀) ကျော်ရှိတယ်။ လမ်းတွေ ပိတ်ထားတယ်။ အသေးစိတ် ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့သွားတော့ ညနေ (၄) နာရီမှာ အနီးအနားက ပြောတာ ပြီးသွားပြီလို့တော့ ပြောတယ်။ လမ်းတွေ မဖွင့်သေးဘူး” ဟု ယနေ့ သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတခုတွင် အလုပ်သမား (၁၀၀) ခန့်က ယခုလ (၇) ရက်နေ့တွင် ဆန္ဒပြခဲ့ သကဲ့သို့ စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလက အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

လှိုင်သာယာစက်မှုဇုန်တွင် စားသောက်ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်၊ အိမ်သုံးကုန်များ ထုတ်လုပ်သည့် စက်ရုံအများအပြား ရှိနေပြီး မြန်မာနိုင်ငံအနှံ့အပြားမှ အလုပ်သမားများ အခြေချ လုပ်ကိုင်နေကြခြင်းဖြစ်သည်။

နိုင်ငံပိုင်ဆိပ်ကမ်းများ ပုဂ္ဂလိပိုင် ပြုလုပ်မည်

•February 10, 2010 • Leave a Comment

အဓိက ပင်လယ်ရပ်ခြား ရေလမ်းထွက်ပေါက်ဖြစ်သော ရန်ကုန်ရှိ နိုင်ငံပိုင် ဆိပ်ကမ်း ၃ ခု ကို ပုဂ္ဂလိကပိုင်အဖြစ် မကြာမီ လွှဲပြောင်းရန် စစ်အစိုးရ စီစဉ်နေသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ  ဗိုလ်တထောင်၊ အလုံ၊ ဗိုလ်အောင်ကျော်မြို့နယ်များမှ  ဆိပ်ကမ်းများကို အဆင့်မြင့် ဆိပ်ကမ်းများအဖြစ် ပြောင်းလဲရန်ဟူသော ခေါင်းစဉ်အောက်တွင်  ပုဂ္ဂလိကပိုင်ပြုမှာဖြစ်သည်။

”ဆိပ်ကမ်း ၃ ခုကို လိုက်ပြပြီးပြီ။ တခြား ဘယ်ဆိပ်ကမ်းတွေ ရှိလာဦးမလဲတော့ မသိသေးဘူးပေါ့နော်။ အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိက မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့်လ နှောင်းပိုင်းက လွှဲပြောင်းရယူလိုသော စီးပွားရေး လုပ်ငန်းရှင်များကို ဆိပ်ကမ်း အာဏာပိုင်များက လိုက်လံပြသမှုများ ပြုလုပ်သည်ဟု သူက ပြောသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆန်သည်။

မြန်မာနိုင်ငံ စက်မှုနှင့် ကုန်သည်များ အသင်းချုပ်မှ တာဝန်ရှိသူတဦးကလည်း ”ဒီကိစ္စအတွက် ဘာညွှန်ကြားချက်မှ မထွက်သေးပါဘူး။ ဒါတွေကို မကြာခင် လုပ်သွားဖို့တော့ အစီအစဉ်ရှိပါတယ်” ဟု မဇ္ဈိမကို ပြောဆိုသည်။

သို့သော်လည်း ဗိုလ်တထောင် ဆိပ်ကမ်းသို့ ဆက်သွယ် မေးမြန်းကြည့်ရာ မည်သည့်ထုတ်ပြန်ချက်၊ ညွှန်ကြားချက်မှ မရှိသေးသဖြင့် သတင်းထုတ်ပြန်ရန် မရှိကြောင်း တာဝန်ရှိသူတဦးက ဖြေကြားခဲ့သည်။

ဆိပ်ကမ်း သတင်းရပ်ကွက်တခု အဆိုအရ ဆိပ်ကမ်းများကို အဆင့်မြင့် ဆိပ်ကမ်းများအဖြစ် ပြုပြင်ပြောင်းလဲရန်ဟူသော ခေါင်းစဉ်အောက်တွင် ပုဂ္ဂလိကပိုင်ပြုရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ စတင်၍ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်သည်  ၁၁၀ ထက်မနည်းသော နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းပစ်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ အနည်းဆုံး ဝန်ကြီးဌာန ၇ ခုမှ လုပ်ငန်းများကို လွှဲပြောင်းရန် တင်ဒါခေါ်ယူနေသည်။

ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ကို ပုဂ္ဂလိကသို့ ရောင်းပြီ

•February 9, 2010 • Leave a Comment

ရန်ကုန် မြို့လယ်ရှိ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်နှင့် ပြည်သူ့လွှတ်တော် ရှေ့တွင် တည်ရှိသော ဧက ၁၃၀ ကျယ်ဝန်းသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို စစ်အစိုးရက ပြည်တွင်း ကုမ္ပဏီတခုသို့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အများပြည်သူ အပန်းဖြေသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို တရားဝင် ကြေညာခြင်း မရှိဘဲ Natural World ကုမ္ပဏီသို့
လွှဲပြောင်း ရောင်းချ ထားကြောင်းနှင့် ၎င်းဥယျာဉ် အတွင်းတွင် စားသောက် ဆိုင်များ၊ စီးပွားရေး အဆောက် အအုံများ၊ အပန်းဖြေ အားကစား ရုံများကို အဆိုပါ ကုမ္ပဏီက တည်ဆောက်ခွင့် ရရှိမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သတင်း ရပ်ကွက်မှ ကြားသိရသည်။

“စည်ပင် လက်ထဲက လွှဲပြောင်း ရထားတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်နှနှစ် လုပ်ကိုင်ခွင့် ရမလဲ ဆိုတာတော့ စည်ပင်နဲ့ ညှိနေတယ်။ ဒီဥယျာဉ်ထဲမှာ ဆိုင်ခန်း ဖွင့်ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ဆိုရင် ကုမ္ပဏီိမှာ စာရင်း ကြိုပေးထားဖို့ လိုပါတယ်” ဟု Natural World ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဇန်န၀ါရီလ ၁၉ ရက်နေ့က
သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို နိုင်ငံတကာအဆင့်မီ အပန်းဖြေ အားကစားကွင်း
အဖြစ် အသွင်ပြောင်းလဲရန် ရှိပြီး နိုင်ငံတကာ အဆင့်မီ ရေပန်း ရုပ်ရှင်နှင့် ခေတ်မီ အပန်းဖြေစက်များ တပ်ဆင်သွားရန် ရှိကြောင်း ပြောကြားခဲ့ သော်လည်း Natural World ကုမ္ပဏီသို့ လွှဲပြောင်း ထားသည့် သတင်းကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“ပြည်သူ့ရင်ပြင်နှင့် ဥယျာဉ်ကို စိတ်ဝင်စားတဲ့ စီးပွားရေး သမားတွေ တော်တော် များတယ်။ ဒီအထဲမှာ ပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်နဲ့ တခြား စီးပွားရေး အဆောက်အအုံ ဖွင့်ချင်တဲ့သူ တော်တော်များတယ်။ တိုးတိုး တိတ်တိတ် လက်လှမ်းသင့်ရာ ရောင်းလိုက် တော့လည်း ဘယ်တတ်နိုင်မလဲ” ဟု ရန်ကုန်စီးပွားရေး သမား တဦးက ပြောသည်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို စစ်အစိုးရ လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်ဆန်းမှ စတင်၍ အစိုးရပိုင် လုပ်ငန်းနှင့် တိုက်တာ အဆောက် အအုံများကို ပုဂ္ဂလိကသို့ ရောင်းချလျက်ရှိပြီး ယခုနောက်ဆုံး နိုင်ငံတ၀န်းရှိ အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ရောင်းချနေသည်။

ဝန်ကြီးများရုံး၊ ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံများကို လေလံတင် ရောင်းချမည်ဆိုသော သတင်းများလည်း  ထွက်ပေါ်လျက် ရှိသည်။

ရန်ကုန်မြို့နယ် တချို့တွင် ကြက်၊ ဘဲ ရောင်းချခွင့်ပိတ်ပင်

•February 9, 2010 • Leave a Comment

ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင် ဥစားကြက် မွေးမြူရေး ကြက်ခြံ တခြံတွင် ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်သွား သောကြောင့် မြို့နယ် တချို့တွင် ကြက်၊ ဘဲ မရောင်း ချရန်နှင့် ရောင်းချပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု အမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
မရမ်းကုန်း မြို့နယ်၊ ၅ ရပ်ကွက်၊ စွယ်တော်မြတ် စေတီအနီးရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေအိမ်နှင့် တခြား စစ်ဗိုလ်ချုပ် ကြီးများ၏ နေအိမ်များကို လုံခြုံရေး ယူပေးရသည့် စစ်တပ်ပိုင် ကြက်ခြံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြက် ရာနှင့်ချီ သေဆုံး ခဲ့ကြောင်း၊ ထိုသို့ သေဆုံးမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ကြက်ငှက် တုပ်ကွေး ရောဂါ ဖြစ်ပွားသည်ကို အတည်ပြု နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အရာရှိတဦးက ပြောကြားသည်။

“အရင် တံတားလေး စိတ်ကျန်းမာရေး ကုဆေးရုံနေရာမှာ အခု ရန်ကုန်တိုင်း စစ်ဌာနချုပ်က လူကြီးအိမ်တွေ အတွက် လုံခြုံရေး ယူဖို့ တပ်ခွဲချထားတယ်။ အဲဒီ တပ်ခွဲပိုင်တဲ့ ကြက်ခြံမှာ ကြက်ငှက် တုပ်ကွေးဖြစ်တာ။ အဲဒီကြက်ခြံမှာ ကြက်ကောင်ရေ ၂၅၀၀ ရှိတယ်။ ခု အားလုံး သုတ်သင်လိုက်ပြီ” ဟု အဆိုပါတပ်ခွဲမှ တပ်ကြပ်ကြီးတဦးက ပြောသည်။

ထိုသို့ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဈေးများတွင် ကြက်သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥများကို ဖေဖော်ဝါရီလ ၆ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ သီတင်းသုံးပတ် ရောင်းချခြင်းမပြုရန် အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း၊ ရောင်းချမှုများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် အာဏာပိုင်များက ပြောသည်။

“စနေနေ့ ညနေ ၄ နာရီမှာ ကြက်သား၊ ဘဲသားနဲ့ ကြက်ဥ၊ ဘဲဥတွေ မရောင်းဖို့ လိုက်အော်တယ်။ ရောင်းရင် ပစ္စည်းသိမ်းမယ်၊ လူကိုလည်း အရေးယူမယ်လို့ ပြောတယ်” ဟု မရမ်းကုန်း မြို့နယ်၊ ကျိုက်ဝိုင်းဈေးတွင် ဈေးရောင်းသူ တဦးက ဆိုသည်။

ယခင်က ပြည်နယ်နှင့်တိုင်း တခုခုတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားပါက ပြည်နယ် (သို့မဟုတ်) တိုင်း တခုလုံးတွင် ကြက်၊ ဘဲရောင်းချမှုများကို ပိတ်ပင်လေ့ရှိကြောင်း၊ ထိုသို့ ပိတ်ပင်ခြင်းကြောင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်ရသောကြောင့် စီးပွားရေးအရ များစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ရကြောင်း၊ သို့ဖြစ်၍ ယခု မရမ်းကုန်းမြို့နယ်တွင် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားသောအခါ ရန်ကုန်တိုင်း တတိုင်းလုံးတွင် ကြက်၊ ဘဲရောင်းချမှု ပိတ်ပင်ခြင်းမပြုဘဲ ရောဂါဖြစ်ပွားရာ မြို့နယ်နှင့် နီးစပ်သော နေရာများတွင်သာ ပိတ်ပင်ခြင်းဖြစ်သည်ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အရာရှိက ရှင်းပြသည်။

“မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပက လွဲရင် ကျန်တဲ့မြို့နယ် အားလုံးမှာ ကြက်၊ ဘဲရောင်းချခွင့် ပြုထားပါတယ်” ဟု ၄င်းက ဆိုသည်။

ယခုတကြိမ် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် မြန်မာနိုင်ငံတွင် လေးကြိမ်မြောက် ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းတွင် ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ရှမ်းပြည်နယ်၌ လူတဦး ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက် ခံခဲ့ရ သော်လည်း သေဆုံးခြင်းမရှိခဲ့ပေ။

စစ်ရုံးကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးဖြစ်

•February 8, 2010 • Leave a Comment

ရန်ကုန်တိုင်း စစ်ဌာနချုပ် စခန်းမှူးရုံး လက်အောက်ခံ မော်တော်ယာဉ် တပ်ရင်းတစုရှိ တပ်ရင်းကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၆) ရက် စနေနေ့ထုတ် အစိုးရ သတင်းစာများတွင် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ကြက်မွေးမြူရေး ခြံတခြံ၌ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza – HPAI) ဖြစ်ပွားကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ကြက်ကောင်ရေ (၂၅ဝဝ) ခန့်ရှိသော ကြက်ခြံတွင် သံသယဖြစ်ဖွယ် ကြက်သေဆုံးမှု ရှိသဖြင့် မွေး/ကု မှ ကွင်းဆင်း စစ်ဆေးပြီး ကြက်အသေများကို ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် ဓါတ်ခွဲစမ်းသပ်မှု
နှစ်ကြိမ်ပြုလုပ်ကာ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။

သတင်းစာများတွင် ဖြစ်ပွားသည့် ကြက်ခြံအား ဖော်ပြထားခြင်း မရှိသော်လည်း ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားသည့် ကြက်ခြံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ် စခန်းမှူးရုံး လက်အောက်ခံ မော်တော်ယာဉ်တပ်ရင်းမှ ကြက်ခြံဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရုံးက ပြောသည်။

“မော်တော်ယာဉ်တပ်က ကြက်ခြံမှာဖြစ်တာပါ။ မနေ့က (ဖေဖော်ဝါရီ-၅) က ကျနော်တို့ ရပ်ကွက် တာဝန်ရှိသူတွေက တစ်ခေါက်သွားပြီး ပိုးသတ်ဆေးဖြန်းတာတို့၊ သန့်ရှင်းရေး လုပ်တာတို့ လုပ်ပေးခဲ့ရပါသေးတယ်။” ဟု ဒေသ အာဏာပိုင်တဦးက မဇ္ဈိမသို့ ပြောသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း၌ ယင်းတပ်ရင်းပိုင် ကြက်ခြံအပြင် အခြား ပုဂ္ဂလိကပိုင် ကြက်မွေးမြူရေး လုပ်ငန်းများ (ဝါ) စီးပွားဖြစ် ကြက်မွေးမြူရေးခြံများ မရှိကြောင်း သူက ပြောသည်။

အမြန်စစ်ဆေးခြင်း (Rapid Test) နှင့် ဗီဇဆိုင်ရာ စစ်ဆေးခြင်း (PCR Test) စသည့် ဓါတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်ပြီး မွေး/ကု မှ ရောဂါ ဖြစ်ပွားကြောင်း အတည်ပြုကာ စစ်ဆေးတွေ့ရှိချက်ကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) နှင့် အခြား သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားခဲ့ကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

မရမ်းကုန်းမြို့နယ် စွယ်တော်မြတ် စေတီဝင်ပေါက်နံဘေး ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် တည်ရှိသည့် ရန်ကုန်တိုင်း စစ်ရုံးလက်အောက်ခံ
မော်တော်ယာဉ် တပ်ရင်းမှာ ယခင်စိတ်ရောဂါကု ဆေးရုံဟောင်း မြေနေရာတွင် ရှိသည်။

ကြက်သေကောင်များကို စားသုံးခြင်း မပြုရန် တပ်ရင်းမှူးဖြစ်သူက တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ လက်ရှိ တပ်တွင်းကြက်ခြံများ အားလုံးမှာ ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။

တပ်ရင်းအတွင်း တပ်ရင်းပိုင်ကြက်ခြံအပြင် တပ်မိသားစုများမှ မွေးမြူထားသော တနိုင်တပိုင် ကြက်ခြံငယ်များလည်း ရှိကြောင်း သိရသည်။

“ဇန်နဝါရီ ၂၁ …လောက်က ခြံကြီး (တပ်ရင်းပိုင်ခြံ) မှ ကြက်နည်းနည်း စသေတယ်။ လေး၊ငါးရက်လောက်နေတော့ သေတာ အကောင် ၇ဝဝ လောက် ရှိသွားတယ်။ သိပ်မကြာဘူး  မွေး/ကု က လာစစ်ပြီး လကုန်ရက်မှာ တပ်ထဲက ကြက်ခြံတွေက ကြက်တွေ အားလုံးရှင်းဖို့ ပြောတယ်။ တပ်မိသားစုတွေထဲမှာ ၁ဝ ကောင်၊ အကောင် ၂ဝ လောက် ကိုယ့်ဘာသာကိုယ် မွေးကြတာ ရှိတယ်။”ဟု တပ်မိသားစုဝင် တဦးက ပြောသည်။

ရောဂါဖြစ်ပွားခြင်း မရှိမီက မော်တော်ယာဉ်တပ် ကြက်ခြံမှ ကြက်သားများနှင့် ကြက်ဥများကို တပ်အနီး စွယ်တော်မြတ် စေတီကန်နံဘေးရှိ အခွန်လွတ်ဈေးတွင် ရောင်းချလေ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၏ ကြက်မွေးမြူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်းရှိ စုစုပေါင်း ကြက်မွေးမြူထုတ်လုပ်သည့် ပမာဏ၏ ၇ဝ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိသည်။

စက်သုံးဆီ ဆိုင်များအတွက် အဆိုပြုလွှာခေါ်

•February 8, 2010 • Leave a Comment

မြန်မာနိုင်ငံတဝှန်း အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄ဝ ကျော်ကို ရောင်းချရန်အတွက် အဆိုပြုလွှာများကို စစ်အစိုးရက ခေါ်ယူနေကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

နိုင်ငံတဝှန်း တိုင်း ၇ တိုင်း၊ ပြည်နယ် ၅ ပြည်နယ်အတွင်းရှိ စက်သုံးဆီပိုင် ၂၄ဝ ကျော်ကို ရောင်းချမည်ဖြစ်သဖြင့် အဆိုပြုလွှာများကို နေပြည်တော်ရှိ ပုဂ္ဂလိကပိုင်ပြုရေး ကော်မရှင်သို့ တင်သွင်းကြရမည်ဖြစ်သည်။

ရန်ကုန်တိုင်းမှ အစိုးရစက်သုံးဆီ အရောင်းဆိုင် ၅၂ ဆိုင်၊ မန္တလေးတိုင်းမှ ၃၉ ဆိုင်၊ ပဲခူးတိုင်းမှ ၃၇ ဆိုင်၊ မကွေးတိုင်းမှ ၁၅ ဆိုင်၊ စစ်ကိုင်းတိုင်းမှ ၁၄ ဆိုင်၊ မွန်ပြည်နယ်မှ ၁၆ ဆိုင်၊ တနင်္သာရီတိုင်းမှ ၆ ဆိုင်၊ ဧရာဝတီတိုင်းမှ ၂၇ ဆိုင်၊ ကချင်ပြည်နယ်မှ ၇ ဆိုင်၊ ချင်းပြည်နယ်မှ တဆိုင်၊ ရှမ်းပြည်နယ်မှ ၂၄ ဆိုင်နှင့် ရခိုင်ပြည်နယ်မှ ၆ ဆိုင်တို့ ဖြစ်သည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ပုဂ္ဂလိက စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ (ဥက္ကဋ္ဌ) နှင့် ဦးအောင်သက်မန်း (ဒုဥက္ကဋ္ဌ) တို့ ဦးစီးလုပ်ကိုင်နေသဖြင့် နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင် အများစုကို ရယူသွားဖွယ်ရှိကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအဝိုင်းအကြားတွင် ရေပန်းစားနေသည်။

လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များ ရရှိရန်အတွက် နေပြည်တော်ရှိ ပုဂ္ဂလိကပိုင်ပြုရေး ကော်မရှင်ရုံးသို့ ဆက်သွယ်စုံစမ်းရာ၌လည်း တာဝန်ရှိသူများက ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။

အဆိုပြုလွှာများ ခေါ်ယူနေသည်မှာ အကျယ်အပြန့် မရှိသဖြင့် စီးပွားရေးပညာရှင်အချို့ကမူ လွတ်လပ်သော တင်ဒါ မဖြစ်နိုင်ဟု သုံးသပ်ကြသည်။

ထိုင်းနိုင်ငံရှိ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချခြင်းသည် ဈေးကွက်စီးပွားရေးတွင် လိုအပ်သော်လည်း ထင်သာမြင်သာရှိသင့်ကြောင်း သုံးသပ်သည်။

သူက “သတင်းအချက်အလက်ရခွင့် မတူဘူးဆိုရင် ပြိုင်ဆိုင်နိုင်မှုမှာ ပြဿနာအများကြီးရှိတယ်။ တချို့လူတွေက အများကြီးသာသွားမယ်။ တချို့လူတွေက ဘာအခွင့်အရေးမှ မရဘူးပေါ့။ အဲဒါက ဘယ်လိုမျိုး ဖြစ်သွားတတ်လဲဆိုတော့ လက်ဝါးကြီးအုပ်တဲ့ အရင်းရှင်စနစ်မျိုး ဖြစ်သွားတတ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခုလုပ်ရပ်သည် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရမှ ရသမျှကို သိမ်းကြုံးယူနေသည့် သဘောမျိုး ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“ကျနော့်အမြင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင်ပေါ့ဗျာ၊ တချို့ပစ္စည်းတွေကို အင်္ဂလိပ်လို ပြောရရင်တော့ fire sale လို့ ခေါ်တာပေါ့ဗျာ။ မီးလောင်နေတုန်းမှာ အကုန်လုံးကို ဈေးပေါပေါနဲ့ ချရောင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်” ဟု သူက ပြောဆိုသည်။

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB မှ မြန်မာနိုင်ငံ ရန်ပုံငွေအဖွဲ့ စီးပွားရေးပညာရှင် ဦးစိန်ဋ္ဌေးကမူ ယခုလုပ်ရပ်သည် ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါရပ်တခုကို အမည်ခံ ဖော်ဆောင်နေခြင်းသာဖြစ်ပြီး၊ နိုင်ငံပိုင် လုပ်ငန်းများကိုလည်း စစ်အစိုးရနှင့် နီးစပ်သူများကသာ ရရှိနိုင်သည်ဟု သုံးသပ်သည်။

“ဥပမာ ပြောရရင် ဘောလုံးပွဲတပွဲမှာ ဒိုင်လူကြီးက တဖက်ကနေပြီး ဝင်ကန်ပေးနေတဲ့ အတိုင်းပဲ။ အမှန်က ဒိုင်လူကြီးဆိုတာက ဆုံးဖြတ်ပေးရမှာလေ။ အခုဟာက ဒိုင်လူကြီးက ဝင်ကန်နေတယ်။ အဲဒီသဘောပေါ့ဗျာ။ ဘက်လိုက်တယ်ပေါ့။ အဲဒါကြောင့် ပြောမယ်ဆိုရင် ဒါက နိုင်ငံအတွက်ရော၊ ပြည်သူအတွက်ရော အကျိုးမရှိပါဘူး” ဟု သူက ဝေဖန်ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ စစ်အစိုးရက နိုင်ငံပိုင်ဆိပ်ကမ်းများ၊ အဆောက်အအုံများ၊ စက်သုံးဆီဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် နိုင်ငံပိုင် လေကြောင်းလိုင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချလာခြင်း ဖြစ်သည်။

လက်ရွေးစင်ဘောလုံး အသင်း နည်းပြချုပ် ထုတ်ပယ်ခံရ

•February 6, 2010 • Leave a Comment

မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို အောင်မြင်မှုများ ရရှိရန် မစွမ်းဆောင် နိုင်သည့်အတွက် နည်းပြချုပ်အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယမန်နေ့တွင် ထုတ်ပယ် လိုက်ကြောင်း သိရသည်။

အဆိုပါ ခရိုအေးရှား နိုင်ငံသား နည်းပြ ဒရာဂိုမာမစ် လက်ထက်တွင် မြန်မာ ဘောလုံး အသင်းသည် တိုးတက်မှု မရှိကြောင်း၊ အသင်းငယ်များနှင့် ခြေစမ်းပွဲများ ကစားရာ တွင်ပင် ရှုံးနိမ့်ခဲ့သည့် အတွက် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း မြန်မာ ဘောလုံး အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။

“နည်းပြက ကစားသမား တွေရဲ့လက်ရှိ အနေအထားနဲ့ တဘက် အသင်းရဲ့ ကစားကွက် ကိုလည်း မခန့်မှန်းနိုင်ဘူး”ဟု ၎င်းကဆို သည်။

နည်းပြ ဒရာဂိုမာမစ်အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူခဲ့ကြောင်း၊ သို့သော်လည်း  မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် ကိုက်ညီသည့် ကစားကွက်ကို မဖော်ဆောင် နိုင်ကြောင်း ဦးစိုးမိုးက ပြောသည်။

ယခုအခါ ယခင်နည်းပြဟောင်းဖြစ်သည့် ဦးတင်မြင့်အောင်ကို ပြန်လည် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

ဦးတင်မြင့်အောင်သည် ၁၉၉၃ ခုနှစ်က စကာင်္ပူနိုင်ငံတွင် ကျင်းပသော(SEA GAME ) တွင် ဒုတိယရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ကစားသမားဟောင်းတဦးဖြစ်ပြီး နာမည်ကြီး ဘဏ္ဍာအခွန် ဘောလုံးအသင်းသားဟောင်း တဦးလည်း ဖြစ် သည်။

ယခု ဖေဖော်ဝါရီလအတွင်း သီရိလကာင်္နိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပမည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား (AFC Challenge Cup 2010) ပြိုင်ပွဲအတွက် အုပ်စုတွင်း ခြေစစ်ပွဲများတွင် အောင်မြင်မှု ရရှိရန် နည်းပြချုပ်တာဝန်ယူခဲ့ပြီး လာအို နိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် နည်းပြ ဒရာဂိုမာမစ်၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများ ကစားရာ ထိုင်းပရီးလိဂ်မှ ဆိပ်ကမ်း အသင်းကို ၄ဂိုး ၁ဂိုးဖြင့် လည်းကောင်း၊ ထိုင်းတော်ဝင်တပ်မတော်အသင်းအား ၃ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည်လက တောင်ကိုရီးယားနိုင်ငံ အူလ်ဆန် တက္ကသိုလ် အပျော်တမ်းဘောလုံးအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ကစားရာ နှစ်ပွဲစလုံးရှုံး နိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်ချုပ်သူ ဦးမောင်မောင်ကလည်း “ဒရာဂိုမာမစ်က နည်းဗျူဟာပိုင်း တချို့မှာ အမှားအယွင်းလုပ်ခဲ့ တယ်”ဟု Soccer Myanmar အင်တာနက်သတင်းစာမျက်နှာ တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ နည်းပြ ဒရာဂိုမာမစ်အား လက်ရှိ နည်းပြချုပ်ရာထူးမှ ထုတ်ပယ်လိုက်ခြင်းကြောင့်၊ မြန်မာ့လက်ရွေးစင်အသင်းသားများ အနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်တက်ကြွလာနိုင်ကြောင်း ဦးမောင်မောင်က သုံးသပ်သည်ဟု အဆိုပါ အင်တာနက် သတင်းစာတွင် ဆက်လက်ရေးသားထားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကလည်း“ဥက္ကဋ္ဌ ဦးဇော်ဇော်က အသင်းနည်းပြ ကို မြန်မာနည်းပြနဲ့ အပြောင်း အလဲလုပ်မယ်လို့ အသင်းသားတွေကို ကြေညာတော့ အားလုံးက သဘောတူတယ်”ဟု ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ရှူံးပွဲများနေသည့်အတွက် နည်းပြအပြောင်းအလဲ ပြုလုပ်သည်မှာ မှန်ကန်သည်ဟု ပြောနိုင် ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခင်ကတည်းက မြန်မာလူမျိုးနည်းပြအား ခန့်သင့်ကြောင်း အားကစား ကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)ကပြောသည်။

“ဥရောပသားတွေက သူ့စံနဲ့သူတို့လုပ်တာ၊ ဘာသာ စကားလည်း တယောက်နဲ့တယောက် နားလည်တာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့်  နိုင်ငံခြားသားနည်းပြများ ငှားရမ်းရာတွင် ငွေကြေးအခက်အခဲကြောင့် သွားရောက် လေ့လာ ပြီးမှ ခေါ်ယူခြင်းမဟုတ်ဘဲ၊ကိုယ်ရေးရာဇ၀င်ကိုသာ ကြည့်ရှု ငှားရမ်းခြင်း ဖြစ်သည့်အတွက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထို့ကြောင့် မိမိအသင်းနှင့် ကိုက်ညီသည့် မြန်မာနည်းပြများကိုသာ အရည်အသွေးမြှင့်တင်ခြင်း၊ နည်းပြလိုင်စင်ရရှိရန်အတွက် ပြုလုပ်စေခြင်းသည်သာ မြန်မာ့ဘောလုံးလောက တိုးတက်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ကြောင်း ဦးခင်မောင်ထွေးက ထောက်ပြပြောဆိုသည်။

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်း

•February 6, 2010 • Leave a Comment

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏အမိန့်အရ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့်ရေးအစီအစဉ် ဆောင်ရွက်နေမှုများကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ရပ်ဆိုင်းလိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက် ကြောင်း ယမန်နေ့ မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခြင်းဖြစ်သည်။

တာ့ခ်ခရိုင်အခြေစိုက် ထိုင်းစစ်တပ်၏တပ်မှူး ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့က “ဒုက္ခသည်တွေက သူတို့သဘောနဲ့သူတို့ ပြန်တာဖြစ်တယ်။ စစ်တပ်က သူတို့ရဲ့ကလေးတွေ၊ ပစ္စည်းတွေကို ကားနဲ့ ကူသယ်ပေးတာဖြစ်တယ်။ အဲဒါကို စစ်တပ်က ပြန်ပို့တယ်ဆိုပြီး ပြောနေကြတယ်။ စစ်တပ်က နောက်ကို ဘာမှကူညီတော့မှာမဟုတ်သလို ဒီကိစ္စမှာလည်း ၀င်ပြီး ဆောင်ရွက်တော့မှာ မဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောသည်။

မူလအစီအစဉ်အရ စစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်က ယမန်နေ့မှစတင်၍ နေရပ်သို့ အပြီးပြန်ပို့မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ရပ်ဆိုင်းကြောင်း အမိန့်မရရှိမီ နံနက်ပိုင်းအချိန်ထိ ထိုင်းနယ်ခြားစောင့်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က ဒုက္ခသည်အိမ်ထောင်စု (၃) စုမှ လူ (၁၀) ဦးကို ၎င်းတို့ဆန္ဒမပါဘဲ ပြန်ပို့ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒုက္ခသည်တဦးက ပြောသည်။

၎င်းက “မနေ့မွန်းလွဲကစပြီး ထိုင်းစစ်သား (ထာ့ဟန်ဖန်း) တွေ ကျနော်တို့ကို နေရပ်ပြန်ဖို့ လာပြီးဆူပူတာတွေ မလုပ်တော့ဘူး။ သူတို့ပစ္စည်းတွေယူပြီး သူတို့တပ်စခန်းကို ပြန်သွားတာတွေ့တယ်။ နောက်မှသိရတာက ကျနော်တို့ကို အတင်းပြန်မပို့တော့ဘူးလို့ သိရတယ်။ ဒုက္ခသည်တွေကတော့ အတော်လေးပျော်နေကြတယ်။ မနေ့က မနက်အစောကြီးကတော့ ထိုင်းစစ်တပ်က မိသားစု (၃) စုကို အတင်းကားပေါ်တင်ပြီး ဟိုဘက်ကမ်းကို ပြန်ပို့ခဲ့တယ်” ဟု ပြောသည်။

မြေမြှုပ်မိုင်းကွင်းများ အများအပြားရှိသည့် နယ်မြေသို့ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့်ကိစ္စကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့ရာ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်ကလည်း ပူးပေါင်းပါဝင် ထောက်ခံခဲ့ကြသည်။

ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန်လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။

ဒုက္ခသည်များပြန်ပို့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က ဒုက္ခသည်များကိုပြန်ပို့ရန် မူဝါဒမရှိကြောင်း ထိုင်းသတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

သင်္ဘောသား ဖြစ်ရေး ပိုလွယ်ကူတော့မည်ဟုဆို

•February 6, 2010 • Leave a Comment

နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် ပင်လယ်ကူး သင်္ဘောသား အရေအတွက် တိုးမြှင့်ရန် အလုပ်အကိုင် ဆိုင်ရာ ကန့်သတ်ချက်များကို စတင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အရာရှိကြီးတဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

စိတ်ပါဝင်စားသူ လူငယ်တိုင်း သင်္ဘောသားများ ဖြစ်လာရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ထိုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး မောင်မောင်ဦးက  သတင်းထောက်များကို ပြောသည်။

ယခင်က နိုင်ငံခြားသင်္ဘော ကုမ္ပဏီတခု၏ အလုပ်ခန့်စာ ရှိသူများကိုသာလျှင် အာဏာပိုင်တို့က သင်္ဘောသားအဖြစ် အသိအမှတ် ပြုကာ ပင်လယ်ကူး သင်္ဘောသားဆိုင်ရာ သင်တန်းများ တက်ရောက်ခွင့် ပြုပြီး သင်္ဘောသား လုပ်သက် မှတ်တမ်းစာအုပ်၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် တို့ကို ထုတ်ပေးခဲ့သည်။

“အလုပ်ခန့်စာ မလိုတော့ဘူး။ အခြေခံပညာ အထက်တန်း အဆင့် ရှိရုံနဲ့ သင်္ဘောသား လုပ်ခွင့် ပေးတာ။ ရေကြောင်းဌာနက ပေးတဲ့ သင်တန်းပြီးတာနဲ့ သင်္ဘောလိုက်လို့ရပြီ” ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း (MOSA) မှ တာဝန်ရှိသူ တဦးက ပြောသည်။

အင်္ဂလိပ်စာ အရည်အချင်းမီပါက  သင်တန်းများ တက်ခွင့်ပြုပြီး သင်္ဘောသားဖြစ်နိုင်ပြီဟု ဆိုသည်။

ယခင်က Appointment ဟု ခေါ်ကြသည့် ကုမ္ပဏီအလုပ်ခန့်စာ မရှိမဖြစ် လိုအပ်သဖြင့် အလုပ်ခန့်စာ ရောင်းချသည့် ဈေးကွက် ပေါ်ထွန်းခဲ့သည်။ သင်္ဘော ကုမ္ပဏီ အကြီး၊ အသေးပေါ် မူတည်၍ အလုပ်ခန့်စာ တခုလျှင် သိန်း၂၀ ၀န်းကျင်အထိ ပေးခဲ့ရသည်။ ယခု စနစ်သစ်ကြောင့် အလုပ်ခန့်စာဈေးကွက် ပျက်စီးသွားသည်။

“အစိုးရ ပြင်ဆင်လိုက်တဲ့ အချက်ကြောင့် ကုမ္ပဏီတွေ တော်တော် ထိကုန်ပြီ။ တချို့လည်း ကုမ္ပဏီ ပိတ်ဖို့ ပြင်ကုန်ပြီ” ဟု သင်္ဘောလိုင်း ကိုယ်စားလှယ်တဦးက ပြောသည်။

မြန်မာပြည်တွင် နိုင်ငံခြားသင်္ဘောလိုင်းများ၏ ကိုယ်စားလှယ် ကုမ္ပဏီပေါင်း ၁၅၂ ခု ရှိကြောင်း သိရသည်။

သင်္ဘောသား အလုပ်အကိုင် ဈေးကွက်တခုလုံး အာဏာပိုင်တို့၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အ၀ ရောက်ရှိသွားပြီဟု ရန်ကုန်မြို့မှ သင်္ဘောသား တဦးက သုံးသပ်သည်။

“အရင်က ပိုက်ဆံပေးပြီး သင်္ဘောသားဖြစ်လို့ရတယ်။ အခု အစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတဲ့ အတွက် ပိုက်ဆံပေးတိုင်းလည်း သင်္ဘောသား ဖြစ်ခွင့် ရချင်မှရမယ်။ ပိုခက်သွားတယ်လို့ ပြောလို့ ရတယ်” ဟု သူက ဆိုသည်။

အစိုးရသည် နိုင်ငံခြားသင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်များ၏ စီးပွားရှာသည့် လုပ်ငန်းကို လုယူလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ကြောင်းလည်း အစိုးရပိုင် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

“လူငယ်တိုင်း ကန့်သတ်ချက် မရှိဘဲ သင်္ဘောသားသင်တန်းတွေ တက်ခွင့်ရမှာ ဖြစ်ပေမယ့် ဒီသင်တန်းတွေ အတွက် အစိုးရကို သင်တန်းကြေး သိန်းပေါင်းများစွာ ပေးရလိမ့်မယ်” ဟု ထိုအရာရှိက ခန့်မှန်းသည်။

သင်္ဘောသား အရေအတွက် များလာခြင်းကြောင့်လည်း မြန်မာပြည်အတွက် နိုင်ငံခြားဝင်ငွေ ပိုမို တိုးပွားစေမည် ဖြစ်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မြန်မာသင်္ဘောသား ၇၀၀၀၀  နီးပါး ရှိကြောင်း၊ သင်္ဘောတက်သူ ၅၀၀၀၀ သာ ရှိကြောင်း ရန်ကုန်မှ MOSA အသင်း၏ တရားဝင် ထုတ်ပြန်ချက် အရ သိရှိရသည်။

လုပ်ငန်းခွင်အတွင်း သက်စွန့်ဆံဖျား၊ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည့် သင်္ဘောသားများသည် မြန်မာနိုင်ငံ၏ စံနှုန်းအရ ၀င်ငွေကောင်းသူများ ဖြစ်သည်။ ၁၉၈၈ ခုနှစ်မတိုင်ခင်က သင်္ဘောသားများသည်  ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရသူများအဖြစ် ထင်ရှားသည်။

၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များသည်  မြန်မာနိုင်ငံ၏ “သင်္ဘောသားရွှေခေတ်” ဖြစ်သည်ဟု ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂမှ တာဝန်ခံ တဦးဖြစ်သည့် ကိုသူရက ပြောသည်။

ယခုအခါ သင်္ဘောသားသစ်တဦးသည် အနည်းဆုံး လစာ ဒေါ်လာ ၃၀၀ ကျော်၊ အလုပ်သင် အရာရှိတဦးသည် လစာ ဒေါ်လာ ၆၀၀ ခန့် ရရှိကြောင်း၊ ကုမ္ပဏီတခုနှင့်တခု လစာနှုန်းထား မတူညီကြောင်း ကိုသူရက ရှင်းပြသည်။

ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ

•February 5, 2010 • Leave a Comment

စနေနေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရကြောင်း သရုပ်ဆောင် ကျော်သူက ပြောသည်။

အကယ်ဒမီဆုဟု ထင်ရှားသည့်  မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဖိတ်စာ မရရှိခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိပြီဖြစ်သည်ဟု ဆိုသည်။

“ကျနော့်ကို ဖိတ်စာလည်း မပို့ဘူး၊ ဖိတ်စာ ရရမယ့် လူစာရင်း ထဲမှာလည်း မပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရတာ။ နာမည်တောင် ပါခွင့် မရဘူးလေ။ ကျနော့်ကို ဒီရုပ်ရှင်လောက ထဲကနေ မောင်းထုတ်ထားတဲ့ သဘောပေါ့” ဟု ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။

၂၀၀၇ ခုနှစ်တွင် ကျော်သူက ဆန္ဒပြသည့် သံဃာများကို ဆွမ်းကပ် သည့်အတွက် အာဏာပိုင်တို့က အငြိုးထားပြီး သူ၏ အနုပညာ လုပ်ငန်းများနှင့် ပတ်သက်သမျှကို ပိတ်ပင်တားဆီးခြင်း ဖြစ်သည်ဟု ကျော်သူက ယူဆသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ကျင်းပသည့် မြန်မာ့ရုပ်ရှင် ၈၉ နှစ်ပြည့် အခမ်းအနားတွင် ချိတ်ဆွဲခဲ့သော အသံတိတ် ခေတ်မှ ဆေးရောင်စုံခေတ် အထိ ထင်ရှားသည့် သရုပ်ဆောင်တို့၏ ပုံများထဲတွင် ကျော်သူ၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။

အာဏာပိုင်တို့က ထိုသို့သော ကန့်သတ်မှုများရှိနေချိန်တွင် ကျော်သူကလည်း အာဏာပိုင်တို့နှင့် “ခပ်ကင်းကင်း” နေထိုင်ခဲ့သည်။

နှစ်စဉ် ရန်ကုန်တွင် ပြုလုပ်လေ့ရှိသည့် အကယ်ဒမီပေးပွဲကို ၂၀၀၇ မှ စတင်ပြီး ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်သို့ ပြောင်းရွှေ့ ကျင်းပစဉ်က ကျော်သူကို ဖိတ်ကြားခဲ့သော်လည်း သူက တက်ရောက်ခြင်း မပြုခဲ့ပေ။

အာဏာပိုင်များက ၎င်းတို့နှင့် သဟဇာတ မဖြစ်သည့် အနုပညာရှင်များ၏ အမည်၊ ဓာတ်ပုံ စသည်တို့ကို နေရာတိုင်းတွင် လိုက်လံ ပိတ်ပင်တတ်ကြောင်း၊ တို့နဲ့မတူ တို့ရန်သူ ဟု ယူဆထားကြောင်း အကယ်ဒမီဆုရှင် ၀ါရင့် ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။

“သူ့အရည်အသွေးအလျောက်၊ သူ့တန်းနဲ့သူ ထားရမှာပေါ့။ ငါနဲ့ မတည့်တာနဲ့ ဒီကောင့်ကို အကုန်လုံး ဖျောက်၊ ဘာမှ လုပ်ပိုင်ခွင့် မပေးဘူး ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါတွေက မလုပ်သင့်တဲ့ အရာတွေပေါ့” ဟု သူက ဝေဖန် ပြောဆိုသည်။

မြန်မာပြည်တွင် ရုပ်ရှင်ထူးချွန်ဆု ရလိုပါက ထူးချွန်မှုအပြင် ၀ါဒဖြန့်ချိရေးဇာတ်ကားများတွင် ပါဝင်ကူညီမှုကဲ့သို့သော အာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်။

စနေနေ့တွင် ပေးအပ်မည့် အကယ်ဒမီဆုများကို ၂၀၀၈ ခုနှစ်အတွင်း ရုံတင်ပြသသည့် ဇာတ်ကား ၁၂ ထဲမှာ ရွေးချယ်မည် ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀ ကား ရှိသည့်အနက် ရုပ်ရှင်၂ ကားသည် အကယ်ဒမီဆု ၆ ဆု ရခဲ့သည်။ ထို ၆ ဆုတွင် အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆုတို့ မပါဝင်ခြင်းမှာ အာဏာပိုင်တို့က အမျိုးသမီးများ ဆုရရှိခြင်းကို မလိုလားသောကြောင့် ဖြစ်သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ရုပ်ရှင်အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ အကယ်ဒမီကျော်သူက  အရည်အချင်း အမှန်တကယ် ရှိသူများသာ ရစေလိုသည်ဟု ဆိုသည်။

“အော်စကာရွေးပွဲလိုပဲ ဆန်ခါတင် ငါးကား ရှိတယ် ဆိုရင် ဒီဇာတ်ကားမှာ ဒီသရုပ်ဆောင်ရဲ့ လုပ်ဆောင်ချက်က ဇာတ်ကားကို ဘယ်လောက် အထိ အထောက်အကူ ပြုသလဲ၊ တော်သလဲ ဆိုတာကို သတ္တိရှိရှိနဲ့ လုပ်စေချင်တယ်။ ပြောစေချင်တယ်။ အခုတော့ ရချင်တဲ့ ကားတွေက ရနေတယ်။ သိပ် အဓိပ္ပာယ်မရှိဘူး” ဟု အကယ်ဒမီကျော်သူက သုံးသပ်သည်။

မီးသင်္ဂြိုဟ်စားရိတ် ၇ ဆ တိုးမည်

•February 5, 2010 • Leave a Comment

စည်ပင်အရာရှိက ပြည်တွင်း ဂျာနယ်တခုတွင် ငြင်းချက် ထုတ်နေသော်လည်း ရန်ကုန်ရှိ မီးသင်္ဂြိုဟ် စရိတ်များကို လာမည့် မတ်လမှစ၍ တိုးမြှင့်ကောက်ခံမှာ သေချာနေကြောင်း ယုံကြည်စိတ်ချရသော စည်ပင်သတင်းရပ်ကွက်က ပြောသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှစ၍ မီးသင်္ဂြိုဟ်စက်များထားရှိရာ သုဿန်များရှိ အအေးခန်း အသုံးစရိတ် ၁၅ဝဝ နှင့် မီးသင်္ဂြိုဟ်စားရိတ် ၁ဝဝဝ ကျပ် ကောက်ခံနေရာမှ ၇ ဆတိုးကောက်မည်ဟု စည်ပင်ဝန်ထမ်း တဦးက ပြောသည်။

“ကျနော်တို့ကတော့ အဲဒီသတင်းကို မှန်တယ်လို့ ကျနော်သိသလောက် ပြောချင်ပါတယ်” ဟု ရန်ကုန် စည်ပင်သာသာရေးကော်မတီမှ အမည်မဖော်လိုသူ ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

မီးသင်္ဂြိုဟ်စားရိတ် တိုးမြင့်ကောက်ခံမည် ဆိုခြင်းသည် ကောလဟလ သတင်းသာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှူး အငြိမ်းစား ဗိုလ်မှူးကြီး ဦးချိုထွန်းအောင်က ပြည်တွင်းထုတ် ဆဲဗင်းဒေးဂျာနယ်တွင် ငြင်းဆိုထားသည်။

ရေဝေးသုဿန်နှင့် ထိန်ပင်သုဿန် အအေးခန်း တာဝန်ရှိသူများကမူ ယင်းကိစ္စနှင့်ပတ်သက်၍ “ဖြေဆိုပိုင်ခွင့်” မရှိကြောင်း ပြောသည်။

ယင်းသို့ တိုးမြှင့်ကောက်ခံမှု ဖြစ်လာပါက အလှူရှင်များမှ လှူငွေဖြင့် ဆောင်ရွက်ရသော နာရေး ကူညီမှု အသင်းများအတွက် ရပ်တည်ရန် အခက်အခဲများ ရှိလာနိုင်မည် ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ တာဝန်ခံ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

“ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်မယ်။ အလှူငွေ နည်းနေရင်တော့ ကျနော်တို့ ဆက်လုပ်နိုင်မှာ မဟုတ်ဘူး။ သာမန်ပြည်သူတွေအတွက်လည်း အလောင်းသဂြိုဟ်ဖို့ အခက်အခဲတွေ အများကြီး ဖြစ် လာနိုင်မယ်”ဟု သူက  မဇ္ဈိမကို ပြောသည်။

ယင်းတို့၏ နာရေးကူညီမှုအသင်းသည် တနေ့လျှင် အနည်းဆုံး လူ ၅ဝ ဦးခန့် မီးသဂြိုဟ်ကာ တဦးလျှင် ကျပ် ၂ သောင်းခန့် ကုန်ကျသဖြင့် တနေ့လျှင် အနည်းဆုံး ကုန်ကျငွေ ကျပ် ၁ဝ သိန်းက အသုံးပြုနေရသည်ဟု သူက ဆက်ပြောသည်။

အလောင်းတလောင်းအတွက် ကုန်ကျငွေမှာ အလောင်းထားသည့် ဗန်း ၆ဝဝဝ ကျပ်၊ အအေးခန်းတွင် ၁ ရက် ထားခ ၁၅ဝဝ ကျပ်၊ မီးသင်္ဂြီုဟ်ခ ၁ဝဝဝ တခြား ကုန်ကျစရိတ် များ အပါအဝင် ၂ သောင်းခန့် ရှိသည်ဟု နာရေးကူညီမှုအသင်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း သုဿန် ၁ဝ ခု ရှိပြီး အများအားဖြင့် မီးသင်္ဂြီုဟ်နေသော ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင်၊ ကျည်စု စသည့် သုဿန်များသည် မီးထိုးဆီကို တဂါလံလျှင် ၂၅ဝဝ ကျပ်ဖြင့် အလောင်းပိုင်ရှင်များက ဝယ်ယူ အသုံးပြကြရကြောင်းလည်း သိရသည်။

ရေဝေးသုဿန်တွင် တနေ့လျှင် အလောင်း ၇ဝ မှ ၁ဝဝ ထိ မီးသင်္ဂြီုဟ်ကာ ထိန်ပင် သုဿန်သည် ဒုတိယအများဆုံး ဖြစ်သည်။

MAI ကို ကမ္ဘောဇ ဘဏ်လုပ်ငန်းသို့ လွှဲပြောင်းမည်

•February 4, 2010 • Leave a Comment

စစ်အစိုးရ၏ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်းရေး အစီအစဉ်တွင် Myanmar Airways International (MAI) လေကြောင်း လိုင်းကို ကမ္ဘောဇ ဘဏ်လုပ်ငန်းသို့ လွှဲပြောင်းမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်း  MAI လေကြောင်းလိုင်းကို လွှဲပြောင်းပြီးပါက ကမ္ဘောဇ ဘဏ်လုပ်ငန်းက ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ပြီး အစိုးရ မြန်မာ့ လေကြောင်းလိုင်း Myanmar Airways က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန်အခြေစိုက် 7 days News ဂျာနယ်တွင် ဖော်ပြထားသည်။

ကမ္ဘောဇ ဘဏ်လုပ်ငန်းပိုင်ဆိုင်သူ ဦးအောင်ကိုဝင်းသည် စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ရှမ်းပြည် အခြေစိုက် အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်စဉ်က ၎င်း၏ သမီးဖြစ်သူ ဒေါ် နန္ဒာအေး နှင့် ရင်နှီးခဲ့သူဖြစ်ကြောင်း၊ ဦးအောင်ကိုဝင်းသည် ဘဏ်လုပ်ငန်း မလုပ်ကိုင်မီ ကျောင်းဆရာ အလုပ်ကို လုပ်ဖူးသူဖြစ်ကြောင်း နီးစပ်သူများ၏ အဆိုအရ သိရသည်။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တိုင်းမှူးဘ၀တွင် ဦးအောင်ကိုဝင်းသည် တိုင်းစစ်ဌာနချုပ်ရုံးသို့ ထောက်ပံ့ရေး ပစ္စည်းများ တင်သွင်း ခွင့်ရခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်လာသည်ဟုလည်း ဆိုကြသည်။

ဦးအောင်ကိုဝင်းမှာ ကမ္ဘောဇ ဘဏ်လုပ်ငန်းအပြင် ကမ္ဘောဇ FC အမည်ရှိ ဘောလုံး အသင်းတသင်းကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဆရာကျောင်းဟု လူသိများသော ဦးအောင်ကိုဝင်းသည် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားသူများ စာရင်းတွင် ထည့်သွင်း ခံထားရသူ တဦးလည်း ဖြစ်သည်။

ယင်း MAI လေကြောင်းလိုင်း လွှဲပြောင်းရေးနှင့်ပတ်သက်ပြီး ဧရာဝတီက ကမ္ဘောဇ ဘဏ်လုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်းမပြုပေ။

အဆိုပါ အစိုးရ ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် မြန်မာ့လေကြောင်းတို့ ဖက်စပ် ပြုလုပ်ထားသော MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မြို့မှ ထိုင်း နိုင်ငံဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်္ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ တို့သို့ ပျံသန်းပြေးဆွဲလျက်ရှိကြောင်းသိရသည်။

ဇောတိကစီမံကိန်း အမြန်ဆုံးရောင်းချနိုင်ရန် ညွှန်ကြား

•February 4, 2010 • Leave a Comment

မုတ္တမကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်တခုဖြစ်သော ဇောတိက စီမံကိန်းမှ ယခုနှစ် ပွင့်လင်းရာသီအတွင်း သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက်ကြရန် စစ်အစိုးရ စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နှင့် အမေရိကန်ဒေါ်လာ သန်း (၁) ထောင်တန်ဖိုးရှိ ဓာတ်ငွေ့ရောင်းချရန် နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားပြီး အမြန်ဆုံး စတင်ရောင်းချ အကောင်အထည်ဖော်ရန် စစ်အစိုးရ ၀န်ကြီးက အဆိုပါစီမံကိန်းသို့ ယခုလ (၁) ရက်တွင် သွားရောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်ကတည်းက ယခုချိန်ထိ ဇောတိကစီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် အကဲဖြတ်ရေး တွင်းပေါင်း (၁၈) တွင်း တူးဖော်ပြီး ဓာတ်ငွေ့ထွက်ရှိမှုပမာဏကို ခန့်မှန်းတွက်ချက်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်အစိုးရ တရားဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းအရ နိုင်ငံမှ သဘာဝဓာတ်ငွေ့ ရောင်းချရငွေများကို စစ်ဗိုလ်ချုပ်ကြီးများ ရရှိနေဦးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

“(၁) ဒေါ်လာကို တရားဝင် (၆) ကျပ်။ တကယ့် အရှိ ငွေလဲနှုန်းက (၁) ထောင်ကျပ်။ အဲတော့ အစိုးရက ဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်း (၁) ထောင်ဆိုရင် ပြည်သူ့ဘဏ္ဍာထဲ ၀င်လာမှာက ဒေါ်လာ သန်း (၆၀)။ ကျန်တဲ့ ဒေါ်လာ သန်း (၉၄၀) က ဘယ်သူယူမယ်ဆိုတာ မသိနိုင်ဘူး” ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။

မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သည့် ရဲတံခွန်နှင့် ရတနာတို့မှ ထိုင်းနိုင်ငံသို့ ရောင်းချနေပြီး ယခု ဇောတိက သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ ထပ်မံရောင်းချရန် သဘောတူပြီးဖြစ်သည်။

စစ်အစိုးရက ရတနာ သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ၀င်ငွေ အမေရိကန် ဒေါ်လာ (၄.၈၃) ဘီလီယံ ရရှိထားသော်လည်း နိုင်ငံ့ဘဏ္ဍာတွင် ၀င်ငွေစာရင်းအဖြစ် ကန်ဒေါ်လာ (၂၉) သန်းသာ ပြထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် Earth Rights International အဖွဲ့၏ ယမန်နှစ် အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်ဖြစ်သည့် ရတနာတခုတည်းမှ ရောင်းချနေသည့် သဘာဝဓာတ်ငွေ့ဖြင့် ထိုင်းနိုင်ငံတွင်း လျှပ်စစ်ဓာတ်အား အသုံးပြုမှု၏ (၂၀) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၂,၅၀၀) ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

ယင်းပမာဏမှာ မြန်မာတနိုင်ငံလုံး လက်ရှိ ရရှိနေသည့် လျှပ်စစ်ဓာတ်အား၏ (၂) ဆဖြစ်ပြီး စစ်အစိုးရ အာဏာရယူထားသည့် နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်း နိုင်ငံအတွက် တည်ဆောက်သော ရေအားလျှပ်စစ် ပမာဏ၏ (၄) ဆကျော်ဖြစ်သည်။

ဒုက္ခသည်များ တရားဝင် နေထိုင်ခွင့်ကတ်ပြား မလေးရှားက ထုတ်ပေးမည်

•February 4, 2010 • Leave a Comment

မလေးရှားနိုင်ငံ၌ ကုလသမဂ္ဂဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများကို တတိယနိုင်ငံ အခြေမချနိုင်ခင် စပ်ကြားကာလတွင် အသုံးပြုနိုင်ရန် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့် ကတ်ပြားတမျိုးကို ထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

မလေးရှားရောက် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးရာတွင် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူတို့ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးမှု များပြားလာနေခြင်း၊ လက်ရှိ ဒုက္ခသည်ဦးရေနှင့် တတိယနိုင်ငံသို့ ထွက်ခွာခွင့် ရရှိသူတို့၏ အချိုးအစား ကွာဟနေခြင်းတို့ကြောင့် ယင်းကဲ့သို့စီစဉ်ရန် အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူအခြေစိုက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ် ယန်တီး အစ္စမေးလ်က သတင်းစာရှင်းလင်းပွဲတရပ်တွင် ပြောကြားသည်။

အသစ်ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် ကတ်ပြားကို မည်သည့်အချိန် စတင်ထုတ်ပေးမည်ကို မပြောကြားသေးသော်လည်း အဆိုပါကတ်ပြား ကိုင်ဆောင်ထားသူသည် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းမှ ကင်းလွတ်မည်ဖြစ်ပြီး မလေးရှားတွင် ရှိနေစဉ်အတွင်း အလုပ်လုပ်ကိုင်ခွင့်လည်း ရရှိမည်ဖြစ်သည်။

အဆိုပါကတ်ပြား၏ သက်တမ်း သတ်မှတ်ရေးအပါအဝင် အသေးစိတ်အစီအစဉ်ကို ယူအန်အိပ်ခ်ျစီအာနှင့် မလေးရှား ပြည်ထဲရေးဝန်ကြီးတို့က ဆက်လက် ဆွေးနွေးသွားရန်ရှိသည်။

ထိုအစီအစဉ်ကို မလေးရှားရောက် အလုပ်သမားရေးရာအဖွဲ့အစည်းတို့က ကြိုဆိုကြကြောင်း သိရသည်။

ကွာလာလမ်ပူမှ အလုပ်သမားအရေး ကူညီပေးနေသူ ကိုကျော်ထွန်းမင်းက “မလေးရှားအစိုးရက ဇန်နဝါရီ (၁၅) ရက်နေ့ ကတည်းက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးအရေးယူမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ ဒုက္ခသည်ကတ် ကိုင်ထားသူတွေကိုလည်း ဖမ်းဆီးသွားကြတယ်။ လဝက်အတွင်းမှာ မြန်မာအလုပ်သမားတွေ ထောင်ချီ အဖမ်းခံလိုက်ရတယ်။ ဒုက္ခသည်ကတ် ရှိတဲ့သူတွေကို ယူအန်ရုံးက တယောက်ချင်း ပြန်ထုတ်ရတယ်။ ဒီကိစ္စ ပြေလည်အောင်လို့ အစိုးရနဲ့ ယူအန်ကြားမှာ ဆွေးနွေးကြပြီးတော့ အခုလို အဖြေထွက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မလေးရှားနိုင်ငံသည် ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုး ထားခြင်း မရှိသေးချေ။

တရားဝင်နေထိုင်ခွင့် ကတ်ပြား ထုတ်ပေးလိုက်ခြင်းဖြင့် မလေးရှားနိုင်ငံတွင် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့် ပိုမိုများပြားလာ နိုင်၍ တတိယနိုင်ငံသို့ အခြေချလိုသည့် ဦးရေလည်း လျော့နည်းသွားနိုင်ကြောင်း ကိုကျော်ထွန်းမင်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ (၇၅,၀၀၀) ကျော်အနက် (၆၀,၀၀၀) ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ယူအန်အိပ်ခ်ျစီအာ စာရင်းတွင် ဖော်ပြထားသည်။

အကော်ဒီယံအုန်းကျော်ကို ဂီတအစည်းအရုံး တရားစွဲ

•February 4, 2010 • Leave a Comment

မြန်မာနိုင်ငံ ဂီတအစည်းအရုံးပိုင် အဆောက်အအုံမှ ဖယ်ရှားပေးရန် အကော်ဒီယံအုန်းကျော် မိသားစုကို ဂီတအစည်းအရုံးက တာမွေ တရားရုံးတွင် တရားစွဲဆိုထားသည်။

ဂီတအစည်းအရုံးကော်မတီ အဖွဲ့ဝင်တဦးက “အဲဒီ မြန်မာနိုင်ငံ ဂီတအစည်းအရုံး အဆောက်အအုံမှာ ကျနော်တို့ အပြည့်အဝ ပြောင်းရွှေ့ အလုပ်လုပ်ဖို့ လိုတယ်။ အဲဒီမှာ အကော်ဒီယံ အုန်းကျော်မိသားစုဝင်တွေက လူနေအိမ်အဖြစ် အသုံးပြုပြီး နေနေကြတယ်။ ဒါနဲ့ ဘယ်လိုလုပ်ရမလဲဆိုပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကို တင်ပြတော့ သူက တရားစွဲ ဆိုတာနဲ့ ခု အကော်ဒီယံအုန်းကျော် မိသားစုတွေကို ဖယ်ရှားပေးဖို့ တရားစွဲ လိုက်တာဖြစ်တယ်” ဟု ပြောသည်။

ဂီတအစည်းအရုံးမှ အကော်ဒီယံအုန်းကျော်ကို ဖယ်ရှားပေးရန် မေတ္တာရပ်ခံထားသည်မှာ ကြာပြီဖြစ်ကြောင်း၊ ထိုသို့ မေတ္တာရပ်ခံမှုကို အကော်ဒီယံအုန်းကျော်က အတွင်းရေးမှူး (၁) ထံ စာတင်ထားကြောင်း အခြား တေးဂီတ ထုတ်လုပ်အလွှာမှ ကော်မတီဝင်တဦးက ပြောသည်။

“ဒီလို စာရေးတင်ပြ တိုင်တန်းတဲ့အတွက် ဗိုလ်မှူးချုပ်ကျော်ဆန်းက ဒေါသထွက်ပြီး ဂီတအစည်းအရုံးကနေတဆင့် တရားစွဲ ဖယ်ရှားခိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းစာတွင် အဆိုပါအဆောက်အအုံကြီးကို သူကိုယ်တိုင်ကမကထလုပ် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအကြောင်း ကြေးသွင်းစာ ရေးထိုးပြီး အဆောက်အအုံ မြေညီထပ်တွင် ဖော်ပြထားကြောင်း၊ သူ့အနေဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုခဲ့သည်များကို ထောက်ထားပြီး ဆက်လက်နေထိုင်ခွင့်ပြုစေလိုပါကြောင်း၊ သူ ဂီတအစည်းအရုံးကို တာဝန်ယူစဉ်က ကော်မတီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ဥက္ကဋ္ဌ စသည်တို့ကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂီတအစည်းအရုံး တာဝန်ရှိသူများကို သူ့သဘောကျ ခန့်အပ်ခဲ့ကြောင်း စသဖြင့် ရေးသားခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအဆောက်အအုံကို ၁၉၉၁ ခုနှစ်က အကော်ဒီယံအုန်းကျော် ကိုယ်တိုင် ကမကထလုပ်ပြီး ဂီတလောကသားများ ထည့်ဝင်သည့် အလှူငွေဖြင့် သုံးထပ် အဆောက်အဦကြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ငွေကျပ်သိန်း (၆ဝဝ) ကျော် ကုန်ကျခဲ့ကြောင်း၊ ဆောက်လုပ်ပြီးစဉ်မှစ၍ အကော်ဒီယံအုန်းကျော် မိသားဝင်များ အဆိုပါ အဆောက်အအုံ တထပ်ကို ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု နှစ်ပေါင်းများစွာ ကြာလာပြီး နောက်ပိုင်း တက်လာသည့် ဂီတအစည်းအရုံး ကော်မတီဝင်များက အဆောက်အအုံ တခုလုံးကို အစည်းအရုံးအတွက် အသုံးပြုလိုသောကြောင့် ယခုကဲ့သို့ နေထိုင်ရာမှ ဖယ်ရှားခိုင်းခြင်း၊ တရားစွဲဆိုခြင်း အဆင့်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ နာမည်ကြီး တေးရေးဆရာတဦးကမူ ယခုကိစ္စသည် စစ်အာဏာပိုင်များနှင့် ပလူးပလဲ လုပ်ချင်သည့် အဆိုတော်၊ တေးရေး၊ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ မင်းသမီး စသည်တို့အတွက် သင်ခန်းစာယူစရာ ဖြစ်ကြောင်း ပြောသည်။

၎င်းက “စစ်အာဏာရှင်တွေဆိုတာ သူတို့ကို ဘယ်လိုပဲ အလုပ်အကျွေးပြုပြု၊ ပြည်သူတွေကို ဘယ်လောက်ပဲ သစ္စာမဲ့ပြပြ သူတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မျက်နှာထောက်ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအချိန် ဒီအနုပညာရှင်ကို ပြည်သူတွေကလည်း မုန်းတီးနေပြီဖြစ်လို့ ဘဝသေသွားပြီဖြစ်တယ်” ဟု ပြောသည်။

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ

•February 3, 2010 • Leave a Comment

ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ သပိတ်မှောက်ကံဆောင်၍ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ်ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်းတို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြားထားသည်ကို သတ်မှတ်ရက်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဦးအောင်ဆန်းဦးတို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ကောင်းကျိုးအတွက် ညီမဖြစ်သူက နေအိမ်အကျယ်ချုပ်ဘဝကနေ အားထုတ်ကြိုးပမ်းနေတာကို နအဖအလိုကျ စီမံဆောင်ရွက်နေပြီး ကိုယ်စိတ်နှလုံး ဆင်းရဲအောင် အမျိုးမျိုးလုပ်ဆောင်နေတာကို ဦးဇင်းတို့က သတိပေးပြီးဖြစ်တယ်။ သတ်မှတ်ရက်အထိ တစုံတရာ ပြန်ကြားတာမရှိလို့ ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့စာရင်းမှာ တည့်လိုက်တာဖြစ်တယ်။ ဦးအောင်ဆန်းဦးတို့ဆီက အလှူခံတာ၊ တရားဟောတာ စတဲ့ သာသနာနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေ မလုပ်ကြဖို့ သံဃာ့တပ်ပေါင်းစုကနေပြီးတော့ တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဣဿရိယက မိန့်ကြားသည်။

ကာယကံရှင် ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ၏ အကျိုးအတွက်သော်လည်းကောင်း၊ တိုင်းသူပြည်သားများ အကျပ်အတည်းမျိုးစုံမှ လွတ်မြောက်ရေးအတွက် သော်လည်းကောင်း ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ်ကန့်ကွက်မှုများအား ပယ်ဖျက်ပေးမည်ဆိုပါက ဘာသာရေးအရ သပိတ်မှောက်ကံဆောင်ထားမှုများ အားလုံးကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ကာ ဇန်နဝါရီ (၂၁) ရက်တွင် တရားဝင် ကန့်ကွက်ခဲ့၍ ပြင်ဆင်မှု ရပ်ဆိုင်းထားခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး၏ လုပ်ရပ်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးကျေးဇူးနှင့် မျက်နှာကို မထောက်ထားသည်သာမက ပြည်သူလူထု၏ ဒုက္ခမျိုးစုံကို မျက်ကွယ်ပြုကာ ပြည်သူတို့ဘက်မှမရပ်တည်ဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်များအား အလုပ်အကျွေးပြုနေခြင်း၊ အသုံးချခံနေခြင်းတို့အတွက် စိတ်ပျက်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက်ပေးနေခြင်းမှ ရပ်တန့်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဦးအောင်ဆန်းဦးထံသို့ ဇန်နဝါရီ (၂၄) ရက်နေ့က အိတ်ဖွင့်ပေးစာတစောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

ရန်ကုန်မှာ အင်တာနက်လိုင်းတွေ နှေးကွေး၊ ပြတ်တောက်

•February 3, 2010 • Leave a Comment

ရန်ကုန်တွင် ယမန်နေ့မှ စတင်၍ အင်တာနက်လိုင်းများ နှေးကွေးခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

တိုင်းအတွင်းရှိ မြို့နယ် အများအပြားတွင် အင်တာနက်လိုင်းများ ထိုသို့ဖြစ်နေခြင်းကြောင့် အင်တာနက်ဆိုင်အချို့ ပိတ်ထားလိုက်ရသလို၊ သုံးစွဲသူများလည်း အခက်ကြုံနေရသည်။

“မနေ့ကစပြီး လိုင်းမကောင်းဘူး။ ဝဘ်ဆိုဒ်တခု ဖွင့်ကြည့်မယ်ဆိုရင် အနည်းဆုံး မိနစ် ၃ဝ လောက် ကြာတယ်။ MPT ကတော့ မြန်မာတယ်လီပို့ထက်စာရင် နည်းနည်း ကောင်းသေးတယ်။ လိုင်းမကောင်းလို့ လာသုံးစွဲသူတွေ ပြန်ပြန်သွားတယ်” ဟု ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ အင်တာနက်ဆိုင်တဆိုင်က မဖ္ဈိမကို ပြောသည်။

“အင်တာနက်လိုင်းတွေက ကျနေတယ်။ လိုင်းတွေက ရလိုက်၊ မရလိုက် ဖြစ်နေတယ်။ လိုင်းတွေက တော်တော်များများ မရဘူး။ ဝဘ်ဆိုဒ်တခုဖွင့်ဖို့ နာရီဝက်လောက် ကြာတယ်။ တချို့ အင်တာနက်ဆိုင်တွေဆို ပိတ်ကို ထားတယ်” ဟု အင်တာနက်သုံးစွဲသူ ရန်ကုန်ဒေသခံ တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် သုံးစွဲသည့် မြန်မာတယ်လီပို့နှင့် MPT အင်တာနက်လိုင်းများ နှေးကွေးနေခြင်းသည် BMF Server  ချိန်းနေခြင်းကြောင့်ဖြစ်ကြောင်း  မြန်မာတယ်လီပို့ တိုင်တန်းရေးဋ္ဌာန အဆိုအရ သိရသည်။

“လောလောဆယ် Net work လေးတာ တခုပါပဲ။ Internet Server ချိန်းတဲ့အတွက် ဖြစ်တာပါ။ BMF Server ချိန်းနေတဲ့အတွက်ကြောင့်မို့လို့ပါ။ ဖြစ်တာကတော့ သိပ်မကြာသေးဘူး။ တပတ်လောက်ပဲ ကြာမှာပါ။ အဲဒီအတွင်းမှာ လိုင်းကတော့ နည်းနည်းတော့ နှေးဦးမယ်။ ဝါယာလက်စ်တွေတင် မကဘူး၊ ADSL တွေပါ နှေးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံး ဖြစ်နေတာပါ” ဟု မြန်မာတယ်လီပို့ တိုင်းတန်းရေးဌာန တာဝန်ကျ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းဈေးကြီးအနီးရှိ အင်တာနက်ဆိုင်မှ တာဝန်ရှိသူတဦးက “အင်တာနက်လိုင်းက ကျလိုက် ပြန်ကောင်းလိုက်နဲ့ တမြို့လုံး ဖြစ်နေတယ်။ မြန်မာတယ်လီပို့နဲ့ MPT ကို ဖုန်းဆက်တော့လည်း တနိုင်ငံလုံးပျက်နေတယ်၊ Wi Max လိုင်းတွေလည်း မကောင်းဘူး၊ i p Star လိုင်းတွေလည်း မကောင်းဘူးတဲ့” ဟု ပြောသည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ကရင်ပြည်နယ် ဘားအံ၊ တနင်္သာရီတိုင်း မြိတ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ  အင်တာနက်ဆိုင်များလည်း ဝဘ်ဆိုဒ်များ ဖွင့်မရဘဲ နှေးကွေးနေသည်။

မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ ၆ သောင်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ခန့်မှန်းထားသည့် စာရင်းအရ သိရသည်။

ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

•February 1, 2010 • Leave a Comment

လျှပ်စစ်တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသော်လည်း စစ်အစိုးရကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး၊ ပြည်သူလူထု လျှပ်စစ်မီး မရရှိစေရန် မရည်ရွယ်ပါကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုသည်။

ရန်ကုန်၌ လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေခြင်းသည် ယခုလ ၂၃ ရက်နေ့တွင် ကယားပြည်နယ်ရှိ လျှပ်စစ်တာဝါတိုင် တခုကို KNPP က မိုင်းထောင် ဖျက်ဆီးခဲ့ခြင်းကြောင့်ဟု စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ ထုတ်လွှင့်နေသည့် ပိတောက်မြေ FM က ယခုတပတ်အတွင်း စွပ်စွဲ ပြောကြားနေသည်များအပေါ် KNPP က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

”နအဖ ကို ရည်ရွယ်ပြီး တိုက်ခိုက်တာပါ။ ရန်ကုန်က မီးရနေတဲ့လူတွေ မရစေချင်လို့ လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ဒေသထွက် သဘာဝရင်းမြစ်ကို ဒေသခံတွေ မခံစားရဘူးလေ။ ဒေသခံတွေက ရန်ကုန်တို့၊ မန္တလေးတို့ကို သွယ်တန်းထားတဲ့ မီးကြိုးနဲ့ မီးတိုင်ကိုပဲ မြင်ရတယ်။ လျှပ်စစ်မီးကို မမြင်ရဘူး” ဟု KNPP အတွင်းရေးမှူး တဦးဖြစ်သူ ခူးဦးရယ်က မဇ္ဈိမကို ပြောသည်။

”အခု ရန်ကုန်မှာ  မီးအလှည့်ကျ ပေးနေတာကြောင့် မီးမသုံးရဘူးလို့ ပြောနေတယ်။ ကျနော်တို့ဆီက ဒေသခံတွေ တခါမှကို မရဘူး။ ကိုယ်ချင်းစာစေချင်ပါတယ်” ဟု သူက ဆက်ပြောသည်။

KNPP အနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိနေသည်ကို မနာလို မရှုစိမ့်သဖြင့် ယခုလို ပြုလုပ်ခြင်း ဖြစ်ကြောင်း ပိတောက်မြေ FM မှတဆင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့သည်။

ရန်ကုန် ဒေသခံတချို့ထံ ဆက်သွယ် မေးမြန်းကြည့်ရာတွင် ယခုလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် လျှပ်စစ်မီး ရရှိသည့် အခြေအနေမှာ ပိုမို ဆိုးရွားလာပြီး ယခင်က နေ့စဉ် နာရီအလိုက် သတ်မှတ်ကာ အလှည့်ကျ ပေးဝေနေသည့် လျှပ်စစ်မီးစနစ်မှာ မြို့နယ် အများအပြားတွင် ပျက်ပြားနေကြောင်း ပြောကြသည်။

ယခုလ ၂၅ ရက်နေ့ထုတ် စစ်အစိုးရအာဘော်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း KNPP အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲဖျက်ဆီးသဖြင့် ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာအနီးရှိ လောပိတမှ တောင်ငူသို့ ဓာတ်အားပို့လွှတ်သည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင် အမှတ်  ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ ၉ ရက်နေ့တွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် KNPP က တာဝါတိုင်အမှတ် ၁၃၄ ကိုသာ ၎င်းတို့လက်ချက်ဟု ဝန်ခံခဲ့ပြီး၊ တိုင်အမှတ် ၁၉၉ ကိုမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။

”နအဖကတော့ ဒီလို ဖောက်ခွဲမှုတွေဖြစ်တိုင်း ဟိုစွပ်စွဲ၊ ဒီစွပ်စွဲ လုပ်နေကျပါ။ ၂၃ ရက်နေ့ကတော့ ကျနော်တို့ လုပ်တာပါ။ ၉ ရက်နေ့က ကျနော်တို့ လုပ်တာ မဟုတ်ဘူး” ဟု ခူးဦးရယ်က ပြောဆိုလိုက်ကာ၊ ကယားပြည်နယ် မြို့တော်လွိုင်ကော်သာ လျှပ်စစ်မီး ရရှိပြီး ကျန်မြို့ရွာများတွင် ဖယောင်းတိုင်မီး၊ ရေနံဆီမီး၊ ဒီဇယ်မီးစက်များကို အသုံးပြုနေရသည်ဟု ဆိုသည်။

လောပိတ ရေအား လျှပ်စစ်စက်ရုံမှ ထွက်ရှိသော  ဓာတ်အားများကို လောပိတ-တောင်ငူ မဟာဓာတ်အားလိုင်းမှ တဆင့် ရန်ကုန်နှင့် မန္တလေးသို့ ပို့လွှတ်လျက်ရှိကြောင်း သူက ပြောသည်။

ရန်ကုန်သည် လောပိတ ရေအားလျှပ်စစ် စက်ရုံအပြင် သဘာဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ်ဓာတ်အားပေး စက်ရုံများဖြစ်သည့် သာကေတ၊ ရွာမ၊ လှော်ကားနှင့် အလုံစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ရရှိနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ တနေ့တာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၅၀ မီဂါဝပ် ဖြစ်သော်လည်း တကယ်တမ်း ရရှိနေသည့် လျှပ်စစ်ဓာတ်အားမှာ ၃၈၅ မီဂါဝပ် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လွိုင်ကော်မြို့အနီးရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံ ၁ နှင့် ၂ ကို ၁၉၅၂ ခုနှစ်တွင် ဂျပန်ပညာရှင်များ အကူအညီဖြင့် မြန်မာအစိုးရက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ယခုလ ၂၆ ရက်နေ့တွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၌ ဖြစ်ပွားခဲ့သော လူအသေအပျောက် မရှိသော ဗုံးပေါက်ကွဲမှု ၂ ခုကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၃) လက်အောက်ခံ အဖွဲ့တခု လက်ချက်ဟု ၂၇ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် စွပ်စွဲရေးသားခဲ့သေးသည်။

တဆက်တည်းမှာပင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကရင်နှစ်သစ်ကူးနေ့က  လူ ၇ ဦး သေဆုံးခဲ့သည့် ကရင်ပြည်နယ် ဖာပွန်မြို့ ဗုံးပေါက်ကွဲမှုကိုလည်း KNU တပ်မဟာ (၅) လက်အောက်ခံ အဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ဆိုထားသည်။

ထိုသို့သော ရေးသားထားချက်များသည် တဖက်သတ် စွပ်စွဲချက်များသာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသာ စစ်အစိုးရက အပြစ်တင်လေ့ရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း KNU က ယခုလ ၂၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် KNU မှာ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် အဖွဲ့မဟုတ်ကြောင်းနှင့် စစ်အစိုးရသာလျှင် ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘောတူညီချက်ကို ဖောက်ဖျက်ပြီး ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း တုံ့ပြန်ချေပခဲ့သည်။

ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ

•February 1, 2010 • Leave a Comment

ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက်သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ခန့်သာ လိုသည့်အချိန်တွင် ထိုစာအုပ်ငယ်များ အလွန် အရောင်းသွက်နေသည်ဟု ခိုးကူး စာရွက်စာတမ်း ရောင်းချသူများက ပြောသည်။

“စာအုပ်ဆိုင်တွေမှာ တင်ရောင်း သလို၊ လူကိုယ်တိုင်လည်း လမ်းပေါ် လျှောက်ပြီး ဒိုင်လျှို ရောင်းကြတယ်” ဟု ဆိပ်ကမ်းသာလမ်း အနီးရှိ စာအုပ်ဆိုင် တဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

ဆယ်တန်း ဘာသာရပ်စုံ ပါဝင်သော ခိုးကူး စာရွက်စာတမ်း တစုံလျှင် အနည်းဆုံး ကျပ် ၃၅၀၀ ဖြင့် ရောင်းဝယ် ကြကြောင်း၊ စာမေးပွဲ နီးလာချိန်တွင် ၀ယ်ယူသူ ပိုမို များပြား လာဖွယ် ရှိကြောင်း ခိုးကူးစာအုပ် ရောင်းသူတဦးက ပြောသည်။

“ဖေဖော်ဝါရီ လကုန်နဲ့ စာမေးပွဲ စဖြေတဲ့ မတ်လဆန်း လောက်ဆို တနေ့ကို ခိုးကူး အစုံ ရာချီ ရောင်းရတယ်။ ခိုးကူးတစုံကို ၃၅၀၀နဲ့ ရောင်းတယ်။ စာအုပ်ဖိုးရော၊ လိုင်းကြေး အပါ ခိုးကူးတစုံ အရင်းချည်းပဲ ၁၈၀၀ ရှိတယ်” ဟု သူက ရှင်းပြသည်။

လိုင်းကြေး ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများကို ပေးရသည့် လာဘ်ငွေ ဖြစ်သည်။

နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို နေ့စဉ် ကျပ် ၅၀၀၀ ပေးရပြီး စည်ပင်ရဲ၊ ရယက၊ ကြံ့ဖွံ့ စသည့်  ဒေသခံ အဖွဲ့အစည်းများကိုလည်း လာဘ်ငွေ အနည်းငယ် ပေးရသည်ဟု ဆူးလေးဘုရားအနီးရှိ ခိုးကူးစာအုပ် အရောင်းဈေးသည် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားများသည် ကိုးတန်းအထိ စာမေးပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် အခက်အခဲများနှင့် မကြုံခဲ့ရပေ။ သက်ဆိုင်ရာ ကျောင်းမှ ဆရာ ဆရာများက စာမေးပွဲနီးလျှင် လေ့လာကျက်မှတ်ရမည့် သင်ခန်းစာများကို ရွေးချယ်ပေးလေ့ရှိသည်။

ကျောင်းသားများ ဆယ်တန်းသို့ ရောက်သည့်အခါ ယခင်နှင့်မတူဘဲ ခက်ခဲသည့် စာမေးပွဲနှင့် ရင်ဆိုင်ရသည်။ ဆယ်တန်း စာမေးပွဲသည် အစိုးရစစ် ဖြစ်ပြီး မေးခွန်းလွှာများကို ပညာရေးဝန်ကြီးဌာနက စီစဉ်သဖြင့် ပါဝင်မည့် မေးခွန်းများကို ကြိုတင် မသိနိုင်သောကြောင့် လေ့လာ ကျက်မှတ်ရမည့် သင်ခန်းစာများ အထူး များပြားနေခြင်းသည် ကျောင်းသားများ၏ အခက်အခဲ ဖြစ်နေသည်။

၁၉၉၅ ခုနှစ်ခန့်မှ စပြီး စီးပွားရေး သမားများက စာမေးပွဲခန်း အတွင်း စာကူးပြီး ဖြေလိုသူ ကျောင်းသားများ ခိုးဝှက် သက်ဆောင်ရန် လွယ်ကူသည့် စာအုပ် ငယ်များကို ပုံနှိပ် ရောင်းချခဲ့ကြသည်။

ဆယ်တန်း စာမေးပွဲတွင် ခိုးကူး ဖြေဆိုသူများကို စာမေးပွဲ ရာသက်ပန်  ဖြေဆိုခွင့် ပိတ်သည် အထိ အရေးယူ နိုင်ကြောင်း အခြေခံ ပညာ အထက်တန်းကျောင်း တကျောင်းမှ ဆရာတဦးက ရှင်းပြသည်။

ရန်ကုန်မြို့မှ နာမည်ကြီး ကျူရှင်ဆရာကြီး တဦးက ပညာရေးသည် တိုင်းပြည် တိုးတက်ရေး အတွက် အဓိက ဖြစ်သောကြောင့် အာဏာပိုင် တို့က ခိုးကူးရောင်း ချမှုများကို ထိရောက်စွာ နှိမ်နင်းသင့်သည်ဟု သုံးသပ်သည်။

“အရေးယူမှု မရှိလို့ ဒီလောက် တွင်ကျယ်လာတာ။ ဒါ ပညာရေးကို အလေးမထားတဲ့ လုပ်ရပ် ဆိုရင် ပိုမှန်မယ်” ဟု သူက ပြောသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။

ဒုရဲအုပ်တဦး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာ

•February 1, 2010 • Leave a Comment

ကရင်ပြည်နယ် ဘားအံမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲအုပ် စိုးမင်းသည် မကြာသေးခင် ရက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူလူထု နည်းတူ စစ်အစိုးရ၏ ဖိနှိပ်မှုကို ခံနေကြရပြီး စားဝတ်နေရေးအပါအ၀င် တခြားသော အခက် အခဲများကြောင့် ယခုကဲ့သို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်ဟု ဒု ရဲအုပ် စိုးမင်းက ဧရာဝတီသို့ ပြောသည်။

“ရဲတပ်ဖွဲ့ ထဲမှာ ကျနော်လုပ်သက် (၁၄) နှစ်လောက်လုပ်ခဲ့ပေမယ့် မိသားစု စားဝတ်နေရေးတောင် အဆင် မပြေဘူးဗျ၊ ကျနော့်လိုပဲ ရဲထဲမှာ ထွက်ပြေးလို့ ထောင်မကျရင် ပြေးမယ့်လူတွေ အများကြီးရှိတယ်၊ ပိုဆိုးတာ ကတော့ တပ်ဘက်က ကျနော်တို့ကို အခိုင်းအစေလောက် သဘောထားတယ်၊ လူမုန်းခံစရာရှိရင် ရဲတွေက ရှေ့ကခံ၊ ၀ါးစရာရှိရင်တော့ သူတို့ပဲ၊ ကြာလာတော့ မခံနိုင်တော့ဘူး၊ ဒါကြောင့်တိမ်းရှောင်လာတာ”ဟု သူက ဆိုသည်။

ဒုရဲအုပ် စိုးမင်းသည် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ ၀င်ရောက်ခဲ့ပြီး၂၀၀၂ ခုနှစ်တွင် ဒု ရဲအုပ် ဖြစ်ခဲ့ပြီး ကိုယ်ပိုင်နံပါတ်မှာ လ/၁၇၆ ၉၆၈ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အသက်(၃၃)နှစ် အရွယ်ရှိပြီး ပဲခူးတက္ကသိုလ်မှ မြန်မာစာဘွဲ့ ကို ၂၀၀၀ ပြည့် နှစ်တွင် ရရှိခဲ့သည်ဟု ဆိုသည်။

၎င်းသည် ရဲအရာရှိဖြစ်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် ရဲတပ်ဖွဲ့ ရုံး၊ ပိုက်ကျုံးမြို့နယ်ခွဲ ရဲစခန်း နှင့် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု သိရသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံရဖူးသော အခက်အခဲများနှင့်ပတ်သက်ပြီး“ကျနော်တို့ ပြည်နယ်မှာက
အဖွဲ့ အစည်းက မျိုးစုံရှိတယ်လေ၊ ငြိမ်းအဖွဲ့ တွေက မြို့ထဲမှာ သူတို့  ထင်သလို နေတာ၊ ကျနော်တို့ ရဲ ဆို တာကလည်း အထက်အမိန့် အရ သတ်မှတ်ထားတဲ့ ဥပဒေ ကို ဖောက်ဖျက်ရင် ဒါမှ မဟုတ် ဖောက်ဖျက်တယ်လို့ ယုံကြည်ရရင် ဖမ်းရတာပဲ၊ ဒီအခါ ပြဿနာက ပြည်သူကိုဆိုရင် အပြစ်ပေးရ တယ်၊ ငြိမ်းချမ်းရေးက လူတွေကို အပြစ်ပေးလို့ မရဘူးဗျ။ အဲဒီ တော့ ပြည်သူက ကျနော်တို့ကို မကြည်မလင် ဖြစ်ပြန်ရော”ဟု ဒုရဲအုပ် စိုးမင်းက ပြောပြသည်။

ဒု ရဲအုပ် စိုးမင်း“ကျနော့်အနေနဲ့ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးတိုက်ပွဲ များမှာ အုပ်တချပ် သဲတပွင့် ပေးဆပ်လို့ရသရွေ့ ပါဝင်လုပ်ဆောင်သွားပါမယ်”ဟုလည်း ဆက်ပြောသည်။

ယခုအခါ ၎င်းသည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် Free Burma Project ၏ အကူအညီဖြင့် နေထိုင် လျက် ရှိကြောင်း သိရသည်။

Free Burma Project အဖွဲ့ သည် မြန်မာအစိုးရ လက်နက်ကိုင် အဖွဲ့ အစည်းများမှ ထွက်ပြေးတိမ်းရှောင် လာသူများ၊ နိုင်ငံရေးအရတိမ်းရှောင်လာပြီး စိုးရိမ်ရသူများကို ကူညီပေးသော အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

Free Burma Project ဥက္ကဌ ကိုမိုးဇက်က“နိုင်ငံတွင်းမှာ ဘယ်လိုမှ နေမဖြစ်တဲ့အဆုံး ထွက်ပြေးလာကြတဲ့ သူတွေထဲမှာ အရမ်းကိုစိုးရိမ်ရတဲ့ အနေအထားမှာရှိတဲ့သူတွေ ပါဝင်နေတယ်။ လက်နက်ကိုင် အဖွဲ့ အစည်း က လူတွေ။ နိုင်ငံရေးသမားတွေ သူတို့မှာ ထောင်ထဲဝင်မလား။ ပြေးမလားလို့ ရွေးစရာလမ်း နှစ်လမ်းပဲ ရှိတဲ့ သူတွေပါတယ်၊

ချစ်သူခေါ်တဲ့နေရာ အကုန်လိုက်ချင်တဲ့ မယ်လိုဒီ

•January 30, 2010 • Leave a Comment

မယ်လိုဒီက ဖြစ်နိုင်ရင် ချစ်သူခေါ်တဲ့နေရာ အကုန် လိုက်ချင်ပါတယ်၊ Beach လို နေရာမျိုးလည်း သွားချင်ပါတယ်လို့ ဂျာနယ်တစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း မယ်လိုဒီဟာ အရင်တုန်းက ချစ်သူနှစ်ယောက်ကို ထားခဲ့ဘူးသူလို့ ကောလဟာလ သတင်းတွေ ထွက်နေတာပါ။

မီးပျက်မှု ကေအန်ပီပီကို အပြစ်တင်

•January 29, 2010 • Leave a Comment

နအဖစစ်အစိုးရသည် ပိတောက်မြေ အသံလွှင့်ဌာနမှတဆင့် လက်ရှိ ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့ကို ပြစ်တင် ရှုတ်ချမှုများ လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “ပိတောက်မြေ အသံလွှင့်ဌာနကနေ လက်ရှိ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပျက်နေတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၃) ရက်နေ့က ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာနားက လျှပ်စစ်ဓာတ်အား ပို့လွှတ်တဲ့ (၂၃ဝ) ကေဗွီအေ ဓာတ်အားလိုင်းက တာဝါတိုင်အမှတ် (၁၃၄) ကို ကေအန်ပီပီက မိုင်းထောင် ဖောက်ခွဲလိုက်လို့ ဖြစ်တယ်။ ကေအန်ပီပီဟာ အလားတူ ဇန်နဝါရီလ (၉) ရက်နေ့ကလည်း တာဝါတိုင်အမှတ် (၁၉၉) ကို မိုင်းထောင် ဖျက်ဆီးခဲ့သေးတယ်။ ခုလို လုပ်တာဟာ ကေအန်ပီပီအနေနဲ့ ပြည်သူတွေ လျှပ်စစ်မီး အပြည့်အဝရပြီး ပျော်ရွှင်ချမ်းမြေ့နေတာကို မနာလို မရှုစိမ့်လို့ လုပ်တာဖြစ်တယ် ဆိုပြီး အသံလွှင့်သွားတယ်။ အဲဒါကိုပဲ တနာရီ တကြိမ်လောက် လွှင့်နေတယ်။ မသိရင် မီးပျက်တာ စစ်အစိုးရကြောင့် မဟုတ်ဘူး၊ ကေအန်ပီပီကြောင့် ဆိုပြီး တလွဲအပြစ်ပုံချနေတယ်” ဟု ပြောသည်။

အမှန်မှာ စစ်အစိုးရ ကြေညာသကဲ့သို့ ကေအန်ပီပီက တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲသည့်နေ့ ဇန်နဝါရီ (၂၃) ရက်မတိုင်ခင် (၁) လ ခန့်ကတည်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “အချိန်ဇယားလဲ မရှိ၊ တနေ့ကို အကြိမ်ပေါင်းမြောက်မြားစွာ လာလိုက် ပျက်လိုက် ဖြစ်နေတော့ အလုပ်လုပ်ရလည်းခက်၊ လျှပ်စစ်ပစ္စည်းတွေလည်းပျက် ဖြစ်နေတာ မကောင်းဘူး” ဟု ပြောသည်။

ယုဇနပလာဇာ တတိယထပ်မှ အဝတ်အစားရောင်းသူတဦးကလည်း လျှပ်စစ်မီး လာလိုက် ပျက်လိုက်ဖြစ်၍ ပလာဇာ စက်လှေကား (၄) စင်းလုံး ပျက်နေသဖြင့် လမ်းလျှောက် တက်ရကြောင်း၊ မီးပျက်ချိန် လျှပ်စစ်မီးချောင်း အနည်းငယ်သာပေး၍ အထက်ထပ်များ မှောင်နေပြီး ဈေးဝယ်သူတို့လည်း မလာသဖြင့် ဈေးရောင်းမကောင်းကြောင်း ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီး အကြိမ်ကြိမ် လာလိုက် ပျက်လိုက်ဖြစ်နေခြင်းကြောင့် မီးအားမြှင့်စက် ဗို့အားလွန်ကဲကာ ဇန်နဝါရီ (၂၅) ရက်တွင် ဗဟန်း၌ ဖြစ်ပွားသည့် မီးလောင်မှုသည် သာဓကပင်ဖြစ်ကြောင်း ဗဟန်းနေသူတဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် မီးလောင်မှု (၁၂၇) ကြိမ် ဖြစ်ပွားရာတွင် လျှပ်စစ်ဓာတ်အား ပြဿနာကြောင့် ဖြစ်မှု (၅၉) ကြိမ်ရှိကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။

နအဖစစ်အစိုးရသည် အင်တာနက်လိုင်းများကို ဖြတ်တောက်လိုပါက မုတ္တမ ပင်လယ်ကွေ့ ရေအောက်တွင် ကေဘယ်လ်ကြိုး ပျက်စီး၍ဟုလည်းကောင်း၊ သဘာဝဓာတ်ငွေ့မရဘဲ မီးပျက်ပါက ဓာတ်အားတိုင်များကို သောင်းကျန်းသူတို့က မိုင်းထောင်ဖောက်ခွဲ၍ဟုလည်းကောင်း ဝါဒဖြန့်လေ့ရှိကြောင်း သိရသည်။

ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော

•January 29, 2010 • Leave a Comment

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု ပြောခြင်းသည် တရားရုံး၏ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ ပြောဆိုခဲ့ခြင်းမှာ မပြောဆိုသင့်သော စကားဖြစ်သည်ဟု ယနေ့ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး ဒေါ်စုပြောတာက ဒီလိုပြောကြားခဲ့တယ်ဆိုရင် တရားရုံးက အပြီးသတ် အဆုံးအဖြတ် မပြုခင်မှာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တယ်။ ဒါဟာ မမှန်ကန်တဲ့ မပြောကြားသင့်တဲ့ စကားမျိုးဖြစ်တယ်။ အဲဒီလိုမျိုး (ဒေါ်အောင်ဆန်းစုကြည်က) ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“တရားရုံးချုပ်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုံးဝ လွတ်မယ်မလွတ်ဘူး ဆုံးဖြတ်ဖို့အကြောင်း ရှိမယ်။ နိုဝင်ဘာလမှာ လွတ်မယ်ဆိုတော့ တရားရုံးချုပ်က ဆုံးဖြတ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တဲ့ ပြောကြားချက်ပါ” ဟု သူက ဆက်ပြောသည်။

ရှေ့နေ ၄ ဦး အပါအဝင် အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်တို့ ၅ ဦးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အထူးရဲသတင်းတပ်ဖွဲ့ထံသို့ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယနေ့တွင် ရှေ့နေ ဦးဥာဏ်ဝင်းနှင့် ဦးထင်ကျော်တို့ ၂ ဦးသာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက်ရှိသော နေအိမ် ပြင်ဆင်နေမှုအား တားဝရမ်း လျှောက်လဲမှုနှင့် ပတ်သက်၍ ယနေ့ ၂ နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။

တားဝရမ်း လျှောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ချလိုက်ကြောင်း သိရသည်။

“တရားဝင် ခွင့်ပြုချက်အတိုင်း အိမ်ပြင်တယ်။ ရပ်ထားပါဆိုလို့ ရပ်ထားတယ်။ ဒါပေမဲ့ ဘာကန့်ကွက်တာလဲ၊ ဘာအကြောင်းပြချက်လဲ။ ဒါကိုပဲ တားဝရမ်း ပြန်ထုတ်တာ၊ ဒီကိစ္စတွေဟာ သွေးရိုးသားရိုး ဟုတ်ရဲ့လား၊ သံသယရှိတယ်လို့ မှတ်ချက်ချပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို တဆင့်ပြန်ပြောသည်။

ဦးအောင်ဆန်းဦးက သူ၏ ရှေ့နေ ဦးဟန်တိုးမှတဆင့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တွဲဖက် ၂ တရားရုံးတွင် တားဝရမ်း လျှောက်လဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ပြင်ဆင်မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင် ဆိုသူသည် မြို့တော် စည်ပင်သာယာရေးသို့ နှုတ်ဖြင့် ကန့်ကွက်ခဲ့သည်။

မြို့တော် စည်ပင်သာယာ၏ ခွင့်ပြုချက်အရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရပ်နားလိုက်ရခြင်း ဖြစ်သည်။

ယင်း ကန့်ကွက် တားဆီးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လာမည့်လ ၄ ရက်နေ့ ရုံးချိန်း၌ တရားဥပဒေအရ ကန့်ကွက် ချေပသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သူ၏ ရှေ့နေက ပြောသည်။

လားရှိုးတွင် စစ်တပ်ကို စည်းရုံးသည့် စာများကပ်

•January 28, 2010 • Leave a Comment

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောသည်။

“စာတွေကို လိုက်ဖြန့်တဲ့ လူတွေကိုမှ ကျနော်တို့ မတွေ့လိုက်ရဘူး။ ကျနော်တို့အနေနဲ့ကတော့ အဲဒီစာတွေကို ပြန်သွားခွာကြတာမျိုးလောက်ပဲ လုပ်ခဲ့ရပါတယ်” ဟု ရဲစခန်းတာဝန်မှူးက ပြောသည်။

“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံရှိ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကလည်း လားရှိုးရှိ အဆက်အသွယ်များမှ တဆင့် လှုံ့ဆော်စာများ ဖြန့်သွားသည်ကို ကြားသိရကြောင်းနှင့် မည်သူကပ်သွားသည်ကို မသိရသော်လည်း လားရှိုးမြို့မှ စစ်တပ်အသိုင်းအဝိုင်းကို အဓိကထား အသိပေးလိုခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“အဲဒီလိုမျိုးနေရာတွေက တပ်ကမိသားစုတွေပဲ အနေများတယ်လေ။ နောက်တခု ထူးခြားတာက ဒီစစ်သားတွေရဲ့ မိသားစုတွေက သူတို့ရတဲ့ လစာတို့၊ ရိက္ခာတို့ မလုံလောက်ဘူးလို့လည်း ခဏခဏ ပြောတယ်လေ” ဟု အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒယ်အိုးပုံစံရှိ လားရှိုးမြို့ပတ်လည်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် – ရမခ အပါအဝင် လက်အောက်ခံ ခလရ ၄၁၊ ၆၈၊ ၅ဝ၇ နှင့် အမှတ် ၁ဝ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၆၂၆ ထောက်ပို့၊ အမြောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ မော်တော်ယာဉ် သိုလှောင်ရေး တပ်ရင်း၊ ဝန်တင်တပ်ရင်း စသည့် တပ်များတည်ရှိကြောင်း မြိုခံများထံမှ သိရသည်။

ယင်းစာများ ကပ်ပြီးနောက်ပိုင်း အမှုဖွင့်အရေးယူနိုင်ခြင်း မရှိခဲ့သော်လည်း နယ်မြေခံရဲများနှင့် စစ်သားများ ပူးပေါင်းသည့် “လှည့်ကင်း” အကြိမ် အရေအတွက်မှာမူ ပိုမိုများပြားလာကြောင်း အမှတ် (၁) ရဲစခန်းက ဆိုသည်။

ယခင်က လားရှိုးတွင် ရဲတပ်ဖွဲ့တခုတည်းသာ ကင်းလှည့်လေ့ရှိကြောင်း ရဲ တာဝန်မှူးက ပြောသည်။

ထို့ပြင် ယခင်က ရမခ စစ်ဌာနချုပ် ဝင်းအတွင်းသို့ အရပ်သားများ ဝင်ထွက်သွားလာနိုင်သော်လည်း ယခုမူ ရမခ ဝင်းအတွင်းနေ မိသားစုများမှလွဲ၍ အပြင်လူများ ဝင်ခွင့်မရတော့ကြောင်း တိုင်းရုံးအတွင်း နေထိုင်သူတဦးထံမှ သိရသည်။

သတင်းပေးအဖြစ် လူငယ်များကို ကြံ့ဖွံ့စည်းရုံး

•January 28, 2010 • Leave a Comment

မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်တို့တွင် စစ်အစိုးရအား ဆန့်ကျင်မည့် ရည်ရွယ်လှုပ်ရှားမှုများ ရှိမရှိ သတင်းပေးရန်အတွက် လူငယ်အချို့အား ကြံ့ဖွံ့က စည်းရုံးလျက်ရှိကြောင်း သိရသည်။

သတင်းပေးနိုင်မည့် လူငယ်များ ရရှိနိုင်ရန် ယခုနှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ အသင်း ၀င်ထားရသည့် (၁၀) တန်းအောင် ကျောင်းသားတဦးက ပြောသည်။

“ကျနော်တို့ကို အင်တာနက်ဆိုင်တွေကို လွှတ်တယ်။ ပြီးတော့ အင်တာနက်ဆိုင်တွေမှာ အင်တာနက် အသုံးပြုနေသူတွေ ဘာတွေ လုပ်နေလဲဆိုတာကို မသိမသာ ကြည့်ပေးဖို့ကို ပြောတယ်။ အခြားနေရာအနှံ့မှာလည်း တချို့လူတွေ ပြောဆိုနေတာတွေကို နားစွင့်ခိုင်းပြီး ပြန်တင်ပြပါလို့ ပြောတယ်။ ကျနော်ကတော့ သူတို့ပြောတာကို နားထောင်တယ်။ ပြီးတော့ သူတို့ပြောတဲ့ အတိုင်းတော့ မလုပ်ဘူး။ ဒါ ကိုယ့်နိုင်ငံပဲ၊ လွတ်လွတ်လပ်လပ်နေထိုင်နိုင်ရမယ်” ဟု ယင်းလူငယ်က ပြောသည်။

ထိုသို့လုပ်ဆောင်ချက်မှာ (၁၀) တန်းအောင် ကျောင်းသားအရွယ်များနှင့် ကြံ့ဖွံ့ဘက်သို့ ပါနိုင်သောသူများကို ရွေးချယ်ကာ စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်းကို မြို့နယ်အသီးသီးတွင်ပေးရန် ၂၀၀၉ ခု နှစ်လယ်ပိုင်းက ချမှတ်ခဲ့သည့် စီမံချက်ကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့အဖွဲ့မှ အလုပ်အမှုဆောင်တဦးက ပြောသည်။

အဆိုပါသင်တန်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ကြံ့ဖွံ့အသင်းဝင်များ၊ စည်းရုံးရရှိသည့် လူငယ်များနှင့် ဖွင့်လှစ်ခဲ့ရာ နယ်မြေခံ စစ်တပ်အရာရှိ (၁) ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ အရာရှိ (၁) ဦးနှင့် ကြံ့ဖွံ့မှ (၃) ဦးတို့က ပတ်ဝန်းကျင်တွင် သတင်းစုံစမ်းတတ်ရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

“မြို့နယ်တွေရဲ့ ကြံ့ဖွံ့ရုံးတွေတိုင်းမှာ ယောက်ျား၊ မိန်းမ အထက်တန်းအောင်ပြီးသား အရွယ်တွေကို စုဆောင်းဖို့ ညွှန်ကြားထား တယ်။ ဒီစီမံချက်က လောလောဆယ်တော့ မအောင်မြင်နိုင်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ချက်ချင်းကြီး ကလေးတွေကို စည်းရုံးဖို့ဆိုတာက သိပ်မလွယ်ကူပါဘူး” ဟုလည်း စစ်အစိုးရကို မနှစ်သက်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ခံ ကြံ့ဖွံ့အဖွဲ့ဝင် တဦးက ပြောသည်။

မြို့နယ်တိုင်း၏ မြို့တို့တွင်ရှိသော အစိုးရအမှုထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များမှာ ကြံ့ဖွံ့တွင် အသင်းဝင်အနေဖြင့် ၀င်ရောက်ထားကြရပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း အသင်းသားများ ထပ်ရရန် ကြံ့ဖွံ့က ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီထိ စည်းရုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြို့နယ်ကြံ့ဖွံ့အလုပ်အမှုဆောင် တဦးထံမှ သိရှိရသည်။

နိုင်ငံရေးလှုပ်ရှားမှုကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ

•January 28, 2010 • Leave a Comment

ရန်ကုန်တိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါက မည်သို့ခြေမှုန်းမည်ကို တပ်နယ်အသီးသီးကို ညွှန်ကြားထားသည်။“ပြည်သူ့စစ်၊ အရံမီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယနေ့မှစ၍ အသင့်အနေအထားနေရန် ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စသည့် အင်အားများ တပ်နယ်အသီးသီးသို့ ပေးပို့ရန် ပြောထားပြီးပြီ” ဟု ပြောသည်။၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်တွေမှာ အပြောင်းအလဲရှိလိမ့်မည်လို့ မြင်တယ်။ တပ်ရင်းတွေအားလုံး လုံခြုံရေး အသေအချာ ဂရုစိုက်ဖို့ ညွှန်ကြားထားသည်။လာမည့် လှုပ်ရှားမှုတွေအားလုံး ဒီပုံစံအတိုင်းပဲလုပ်ဖို့ စီစဉ်ထားတယ်။

တပ်တွင်းပုန်ကန်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း

•January 27, 2010 • Leave a Comment

နအဖ ထိပ်ပိုင်းတွင်း အကွဲအပြဲများ စတင်ဖြစ်ပေါ်နေကြောင်းသတင်းရရှိပါသည်။ ဗိုလ်ချုပ်မောင်ဘို နှင့် ဗိုလ်ချုပ်အချို့  ဗိုလ်ချုပ်သန်းရွှေ အမိန့် ကို မလိုက်နာ လိုပဲ စော ဒက တက်လာကြောင်းသိရပါသည်။  ဗိုလ်ချုပ်သန်းရွှေက ရွေးကောက်ပွဲမတိုင်မှီ ဗိုလ်ချုပ်အချို့ အား အရပ်ဝတ်လည်းခိုင်းပြီးရွေးကောက်ပွဲဝင်ခိုင်းနေခြင်းကို သူတို့ မလိုလားကြကြောင်းသိရသည်။ ဗိုလ်ချုပ်မောင်အေးနှင့်တကွှဗိုလ်ချုပ်အများစုမှာ စစ်တပ်ထဲမှာဆက်လက်နေခြင်ကြသည်။ ဖေါင်း ဘီချွတ်လိုက်ပါက ၅ မိနစ်အတွင်း အာဏာလက်မဲ့ဖြစ်ခဲ့သွားရသည့် သမိုင်းသာဓကများက သူတို့ အား သွေးပျက်နေကြောင်း သိရပါသည်။
ဗိုလ်ချုပ်သန်းရွှေက သူတို့  အား တဖက်လှည့် နှင့်ရွေးကောက်ပွဲ ၀င်ခိုင်းခြင်းသည် ခဲတလုံးနှင့်ငှက်နစ်ကောင်   အမျိုးသားဒီမိုကရေချုပ်ခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်များ  )  ပြစ်နေခြင်း
ဖြစ်ကြောင်းကိုသူတို့ သဘောပေါက်လာကြောင်းသိရပါသည်။

ယနေ့ ည ၉ နာရီခန့် က တောင်ငူမြို့ နယ်၊ သံတောင်ကြီး ကျေးရွာ အခြေစိုက် နအဖ တပ်တွင်းပုန်ကန်မှုများ ဖြစ်ပွားနေကြောင်းသိရပါတယ်။  ကြပ်ပြေးမှာလွတ်လိုက်သောတပ်နှင့်ဒေသခံတပ်ကြားစတင်တိုက်ပွဲဖြစ်ပွားကြောင်းသိရပါတယ်။ တိုက်ပွဲကြောင့် ရေဒါ စခန်း ၂ ခုကို ရော့ကက်လောင်ချာ သုံးလုံးထိမှန်ကြောင်း ၊ စစ်သား ၁၅ယောက်ခန့် သေဆုံးနိင်ဖွယ်ရှိကြောင်းသိရပါတယ်။လောလောဆယ် သံတောင်ကြီး ရှိတယ်လီဖုန်းလိုင်းများကို ဖြတ်တောက်လိုက်ပြီဟုသိရပါတယ်။

မော်ဒယ် ခရစ္စတီးနာရဲ့ စုံတွဲပုံတွေ

•January 26, 2010 • Leave a Comment

အချစ်ရေး နှင့် အိမ်ထောင်ရေး အကြောင်းတွေကို ဖုံးကွယ်ထားတဲ့ မော်ဒယ် ခရစ္စတီးနာရဲ့ စုံတွဲပုံတွေ ယိုထွက်လာပါပြီ။ မော်ဒယ် ခရစ္စတီးနာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အိမ်ထောင်ပြုခဲ့သူလို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီစုံတွဲပုံတွေက ခရစ္စတီးနာ သူမခင်ပွန်းရှိရာ Australia သို့သွားရောက်ခဲ့စဉ် ပြီးခဲ့တဲ့ သုံး၊ လေး လလောက်က ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ 2009 အောက်တိုဘာလ အတွင်းမှာ ပြည်တွင်းက ဂျာနယ်တွေမှာတော့ ခရစ္စတီးနာဟာ ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား သုံးနိုင်ငံကို သူငယ်ချင်းတွေနဲ့ အတူ လည်ပတ်နေတယ်လို့  ဖော်ပြခဲ့ကြတာမို့ ခရစ္စတီးနာတစ်ယောက် ပရိသတ်နဲ့ မီဒီယာကို လိမ်ဒါလား ဆိုတာတော့ မေးခွန်းထုတ်စရာပါ။

ဦးအောင်ဆန်းဦးကို သံဃာတော်များ သတိပေး

•January 26, 2010 • Leave a Comment

အိမ်အမွေကိစ္စကို အကြောင်းပြု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန် ကြိုးစားနေသော အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို ပြည်တွင်း၊ ပြည်ပရှိ သံဃာတော်များက ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဖယ်ကြဉ်မည်ဟု သတိပေးလိုက်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ညီမဖြစ်သူကို အကြောင်းမဲ့ နှောင့်ယှက်တရားစွဲဆိုရန်“တိုင်းပြည်အရေး ဒီမိုကရေစီအရေးတွေကို ဘဝတွေ၊ အသက်တွေနဲ့ ရင်းပြီးလုပ်နေတဲ့ အချိန်မှာ ဒေါ်စု ဒီမိုကရေစီအရေး နှောင့်နှေးသွားအောင်၊ ကြန့်ကြာ သွားအောင် စိတ်ဓါတ်တွေ ပျက်ပြားသွားအောင် လုပ်တယ်။ ဒါတွေ မရုတ်သိမ်းဘူးဆိုရင် ဗုဒ္ဓဘာသာဝင်အဖြစ်က ကြဉ်ဖို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်ပေါ့” ဟု ပခုက္ကူမှ ဆရာတော်ကြီးတပါးက မဇ္ဈိမကို မိန့်သည်။

ဦးအောင်ဆန်းဦးအနေဖြင့် တောင်းဆိုချက်များကို မလိုက်လျောပါက ဘာသာ သာသနာနှင့် လူမျိုးများကို နိမ့်ပါး ကွယ်ပျောက်အောင် လုပ်ဆောင်ရာ ရောက်သဖြင့် စစ်ဗိုလ်ချုပ်များနည်းတူ ပတ္တနိက္ကုဇ္ဇန ကံဆောင် စာရင်းတွင် ထည့်သွင်းရလိမ့်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ် ပေါင်းစုအဖွဲ့ကြီးက ယမန်နေ့တွင် အိပ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည့် ဆရာတော် သံဃာတော်များအား စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ မိသားစုအပါအဝင် စစ်တပ်ခေါင်းဆောင်များနှင့် နောက်လိုက် အကြမ်းဖက်သူများအား ပြည်တွင်း၊ ပြည်ပသံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ခဲ့ကြသည်။

ဒီမိုကရေစီ အရေးကြောင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား အကိုအရင်းဖြစ်သူက ယခုကဲ့သို့ နှောင့်ယှက်နေခြင်းကြောင့် စစ်အစိုးရ အာဏာပိုင်များကို အားရကျေနပ်စေသဖြင့် အပြစ်ရှိကြောင်း သံဃာတော်များက မိန့်သည်။

“ပြည်သူတွေဘက်ကရော၊ သံဃာတော်တွေဘက်ကပါ မားမားမတ်မတ် ရပ်တည်နေတဲ့ လူထုခေါင်းဆောင် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို အားပေးရမယ့်အပြင် နှောင့်ယှက်ဖျက်ဆီးနေခြင်း၊ တနည်းအားဖြင့် သံဃာတော်တွေကို သတ်ဖျက်နေတဲ့ စစ်အစိုးရကို ဒေါက်တိုင်သွားလုပ်ပေးသူ မှန်သမျှမှာ အပြစ် ရှိတယ်ပေါ့” ဟု သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေး တာဝန်ခံ ဆရာတော် ဦးဣဿရိယ က မဇ္ဈိမကို မိန့်သည်။

ရန်ကုန်မြို့တွင် သီတင်းသုံးနေသည့် ဆရာတော်ကြီးတပါးကလည်း ဦးအောင်ဆန်းဦးသည် လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သောကြောင့် ဖခင်ခြေရာကိုနင်း၍ တိုင်းကျိုး ပြည်ကျိုး ဆောင်ရွက်မည့်သူဟု မျှော်လင့်ခဲ့ကြောင်း ပြောသည်။

“ဗိုလ်ချုပ်လို တိကျပြတ်သားပြီးတော့ နိုင်ငံ့ရဲ့ ဂုဏ်ကို စွမ်းစွမ်းတမံလုပ်မယ်ဆိုတဲ့ ဟာမျိုးကို။ အခု အနေအထားကတော့ သူဇနီးက ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ရာဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သဟဇာတ တည့်လို့လား၊ ဖိအားပေးလို့ မလွှဲမရှောင်သာ သဘောလား။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်မိုက် နေဦးမယ်ဆိုရင် သံဃာတော်တွေ ကြဉ်ဖယ်ခြင်းကို သူခံရတော့မယ်” ဟု ဆရာတော်ကြီးက မဇ္ဈိမကို မိန့်ကြားသည်။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း မိခင် ဒေါ်ခင်ကြည်တို့မှ သားသမီး ၃ ဦး ဖွားမြင်ရာတွင် ဦးအောင်ဆန်းဦးသည် အကြီးဆုံးသားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံး ဖြစ်သည်။ အကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။ ကြိုးစားနေခြင်းများကို ယခုလကုန် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး အပါအဝင် ပြည်တွင်း၊ ပြည်ပ သံဃာတော်များက တောင်းဆိုလိုက်ကာ၊ မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ဆရာတော်များက မိန့်ကြားသည်။